ကျောက်တလုံးကြီး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး တောင်ယာစပါး၊ ပြောင်း၊ မြေပဲများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ယခုနှစ်ရာသီတွင် အစေ့ထုတ်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပြောင်းစိုက်ပျိုးရာတွင် စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုမီ မြေသားများကို ထွန်ရေးညက်အောင် ပြင်ဆင်ထားရပြီး မြေခံအဖြစ် နွားချေးနှင့် ပုလဲမြေဩဇာကို ထည့်ရန်လိုအပ်ကြောင်း၊ ပြောင်းမျိုးများကိုလည်း မိမိဒေသနှင့် ကိုက်ညီသည့် အမျိုးအစားကို ရွေးချယ်ရန် လိုအပ်ကြောင်း၊ ကျောက်တလုံးကြီးမြို့နယ်တွင် ထိုင်းနိုင်ငံထုတ် (၈၀၈) အမျိုးအစားပြောင်းကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၎င်းအမျိုးအစားပြောင်းသည် အသီးများကြီးထွားပြီး အလေးချိန်ပိုကြောင်း၊ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိကြောင်း ပြောင်းစိုက် တောင်သူ ဦးခွန်မောင်လေးထံမှ သိရသည်။
ပြောင်းစိုက်ပျိုးပြီးပါက အနည်းဆုံး နှစ်ကြိမ် ပေါင်းရှင်းပေးရန်လိုအပ်ကြောင်း၊ ပြောင်းစိုက်ခင်း တစ်ဧကလျှင် ပြောင်းမျိုးအိတ် ၅ အိတ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကကို ပြောင်း (၅၀)တင်းခန့်ထွက်ရှိကြောင်း၊ ထွက်ရှိလာသော ပြောင်းများကို ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာရှိ ပြောင်းဒိုင်များသို့ အများဆုံး တင်ပိုရောင်းချကြကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)