စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ညောင်ပင်လှကျေးရွာ အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့် စခန်းတစ်ခုကို ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်ရရှိခဲ့သည်။
စိန်ပြောင်း၊ သေနတ်နှင့်မိုင်းများသိမ်းဆည်းရမိ
ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် ညောင်ပင်လှကျေးရွာအနီး သရက်တောအတွင်း ခိုအောင်းနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူတို့၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ချေမှုန်းခဲ့ရာ အဆိုပါ ကျေးရွာအနီးရှိ သရက်တောအတွင်း PDF အမည်ခံ အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်လျက်ရှိသည့် စခန်းတစ်ခုကိုတွေ့ရှိခဲ့ပြီး အကြမ်းဖက်သမားများ ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားခဲ့သည်။ ယင်းနောက် စခန်းအတွင်း အသေးစိတ်ရှာဖွေခဲ့ရာ အလျား ပေ ၂၀၊ အနံပေ ၃၀ သွပ်မိုးထရံကာတဲ တစ်လုံးအပါအဝင် လူနေတဲရှစ်လုံး၊ တန်းစီကွင်းတစ်ကွင်း၊ အချုပ်ခန်းတစ်ခန်း၊ တစ်ယောက်ပစ်ကျင်း ၁၀ ကျင်း၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ် လက်ပစ်ဗုံးကိုးလုံး၊ ဗုံးသီးမျိုးစုံ ၁၆ လုံး၊ မိုင်းမျိုးစုံကိုးလုံး၊ ဖြူးစ် ၃၈ ချောင်းနှင့် ရီမုတစ်ခု၊ ကျည်မျိုးစုံ ၇၅ တောင့်၊ ကျည်အိမ် နှစ်ခု၊ အထိုင်စကားပြောစက်နှစ်လုံး၊ လမ်းလျှောက်စကား ပြောစက်တစ်လုံး၊ မော်တော်ဆိုင်ကယ်သုံးစီး၊ ယမ်းနှင့်ဆက်စပ် ပစ္စည်းများ၊ KLPDF လက်မောင်း တံဆိပ်ပါယူနီဖောင်းတစ်စုံ၊ KIA လက်မောင်းတံဆိပ်ပါ ယူနီဖောင်းတစ်စုံ၊ NLD အလံ တစ်ထည် အပါအဝင် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးပစ္စည်းမျိုးစုံများကို သိမ်းဆည်း ရမိခဲ့သည်။
အေးချမ်းတည်ငြိမ်ရေး ကြိုးပမ်းဆာင်ရွက်
PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ကျေးရွာပြည်သူလူထုကို အကာအကွယ်ရယူ ခိုအောင်းနေထိုင်ကာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်