ကောလင်း ၄ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရှိ မိုးစပါးစိုက်ခင်းအချို့တွင် ပိုးမွှားရောဂါကျရောက်မှုကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နှောခုံကျေးရွာ တောင်သူ ဒေါ်မြစိန်၏ မိုးစပါးစိုက်ခင်းအချို့တွင် ဖြုတ်ပိုးများ ကျရောက်မှုနှင့် ကျွန်းလှခုံကျေးရွာ တောင်သူ ဦးစိုးတင့်၏ စပါးခင်းတွင် စိမ့်ကိုင်၍ စပါးပင်များဝါနေမှုအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ဒေါ်မြစိန်၏ မိုးစပါးစိုက်ခင်း ဖြုတ်ပိုးကျရောက်မှု အခြေအနေများနှင့်ပတ်သက်၍ အချိန်မီ ပိုးသတ်ဆေး ဖျန်းဆောင်ရွက်နိုင်ရန် ပိုးကျရောက်နေသည့် စပါးခင်းအား သိုင်ရာမီသောင်ဇင် ပိုးသတ်ဆေးအား တစ်ဧကလျှင် (၇၅)စီစီ ဆေးဖျန်းပုံး(၅)ပုံး ဖျန်းရန် ဆွေးနွေးအသိပညာပေးခဲ့သည်။
အလားတူ တောင်သူ ဦးစိုးတင့်၏ စပါးခင်းမှာ ရေဝပ်များပြီး စိမ့်ကိုင်နေသဖြင့် ပင်ပွားနည်းပြီး အမြစ်များလုပ်ဆောင်မှု အားနည်းနေသောကြောင့် စပါးခင်းမှာ ဝါခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပြီး စိမ့်ကိုင်နေသောစပါးခင်းအား ပေါင်းမြက်များ ရှင်းလင်းပြီး ဂျစ်ပဆန်သဘာဝကျောက်မှုန့်ကို တစ်ဧကလျှင် နှစ်အိတ်နှင့် ပိုတက်ဓာတ်မြေသြဇာ တစ်ဧကကို ၈ ပုံ ၁ ပုံနှုန်းသုံးရန် လမ်းညွှန်အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


