ကောလင်း ၂၂ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ကန်ပေါက်ကြီးကျေးရွာနှင့် လွှဲမောက်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီအဖွဲ့တို့မှ ပြုစုထားရှိသော ငွေစာရင်းထိန်းသိမ်းမှုပုံစံများ၊ စီမံကိန်းစာရင်းဇယားပုံစံများကို စစ်ဆေးတည့်မတ်ပေးခဲ့ကြပြီး ၎င်းကျေးရွာ ၂ ရွာရှိ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၄၉ ဦး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်သူ ၅၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း တောင်သူ ၁၀၆ ဦးတို့၏ ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
CERP အစီအစဉ်ဖြင့် စီမံကိန်း Design အရ ကန်ပေါက်ကြီးကျေးရွာတွင် အိမ်ခြေ (၁၃၃)အိမ်ရှိပြီး အိမ်ခြေ (၁၀၁)အိမ်နှင့် အထက်ရှိ၍ (Type-1) အမျိုးအစား ဖြစ်သောကြောင့် စီမံကိန်းမတည်ရန်ပုံငွေကျပ် သိန်း (၃၀၀)နှင့် လွှဲမောက်ကျေးရွာတွင် အိမ်ခြေ (၅၃)အိမ်ရှိပြီး အိမ်ခြေ (၅၁)နှင့် (၁၀၀) ကြားရှိ၍ ကျပ်သိန်း (၂၀၀)ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောလင်းမြို့တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် လွှဲမောက်ကျေးရွာ စုစုပေါင်းကျေးရွာ ၆ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စီမံကိန်းမတည်ရန်ပုံငွေမှ ထုတ်ချေးသူ စုစုပေါင်း ၅၁၁ ဦးရှိပြီး ထုတ်ချေးငွေ ကျပ်သန်း (၁၆၈ ဒသမ ၇၀) အား ထုတ်ချေးထားကာ အဆိုပါစီမံကိန်းကျေးရွာများတွင် မိသားစု၀င်ငွေတိုး လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


