ဂန့်ဂေါ ၁၅ ဩဂုတ်
၂၀၂၀ ပြည့်နှစ်အတွင်း ဆောက်လုပ်လျက်ရှိသော ဂန့်ဂေါခရိုင်၊ ကျောမြို့ဒေသရှိ သိုက်တော တမံအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို၊ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ကျောမြို့အုပ်ချုပ်ရေးမှူး ဦးမြတ်ဌေးဦးနှင့် တာဝန်ရှိ သူများသည် ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျောမြို့ဒေသရှိ သိုက်တောတမံဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေးကြသည်။
အဆိုပါ သိုက်တောတမံသည် အလျားပေ ၆၀၀၊ အမြင့် ၄၄ ပေရှိပြီး၊ အကျိုးပြုရေဂါလန် ၄၂ သန်း သိုလှောင်နိုင်မည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၃၉၂ သန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ ကျောမြို့ဒေသတွင် အိမ်ခြေ(၁၁၅၆) အိမ်၊ လူဦးရေ ၄၈၀၀ ခန့် ရှိ၍ လုပ်ငန်းပြီးစီး သည့်အခါတွင် နွေရာသီ၌ သောက်ရေရှားပါးသည့် ကျောမြို့နှင့်အနီးပတ်ဝန်းကျင် ကျေးရွာများသို့ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့်အဖွဲ့ဝင်များသည် အဆိုပါသိုက်တောတမံ၏ ရေဝင်ဆံ့နိုင်မှုပမာဏ၊ တမံ၏ကြံ့ခိုင်မှုအခြေအနေ၊ ဒေသအတွက် အကျိုးပြုမည့် အခြေအနေများအား မေးမြန်းခဲ့ရာ မြစ်သာရေလှောင်တမံဘက်စုံစီမံကိန်း လက်ထောက် ညွှန်ကြားရေးမှူး ဦးဉာဏ်စိုးနှင့် တာဝန်ရှိသူများတို့က ပြန်လည်ဖြေကြားခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)