ကော့မှူး ၃၀ နိုဝင်ဘာ
အမျိုးသမီးများတွင် ဒုတိယမြောက်ဖြစ်ပွားမှု အများဆုံးဖြစ်သည့် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ် (၁၉၀၀) ကျော်အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဒီဇင်ဘာ၂ ရက်မှစတင်ပြီး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်အတွင်းမှ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်အတူ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)ကို ထပ်ပေါင်းပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီလိုထိုးနှံပေးတဲ့ နေရာမှာ ၂၀၁ဝ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လ (၃၁)ရက်အတွင်း မွေးဖွားတဲ့ အမျိုးသမီးငယ်တွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ အဖြစ်များသည့် ပိုးသည် အိတ်ခ်ျပီ ( Human Papillomavirus) ဖြစ်ပါတယ်။ အဖြစ်များသည့် အသက်အရွယ်က (၁၅)နှစ်ကနေ (၄၅)နှစ်အတွင်း အသက်အရွယ်ရှိ အမျိုးသမီးတွေမှာ အဖြစ်များတာ တွေ့ရှိရပါတယ်။ ဒီရောဂါက သားအိမ်နဲ့ အနီးဆုံး အစိတ်အပိုင်းတွေအထိ ပျံ့နှံ့ပြီး အန္တရာယ်ပေးနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်သည် ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးကို မိခင်နှင့် ကလေး ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ တွေမှာ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ အကျိုးပြု ထိရောက်သည့် ကာကွယ်ဆေးထိုး အစီအစဉ်ဖြစ်တဲ့အတွက် မပျက်မကွက် သွားရောက်ထိုးနှံကြပါ”ဟု မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးစိုးဝင်းထွန်းက ပြောသည်။
ယင်းသို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV)အား ထိုးနှံပေးရာတွင် အမျိုးသမီးငယ် တစ်ဉီးလျှင် (၂)ကြိမ် ထိုးနှံရမည်ဖြစ်ကာ ပထမအကြိမ်အဖြစ် ဒီဇင်ဘာ(၂)ရက်နေ့မှ (၄)ရက်နေ့အထိ မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေး ဌာနများတွင် တစ်ပြိုင်နက်တည်း ထိုးနှံပေးမည်ဖြစ်ကာ ဒုတိယအကြိမ်အဖြစ် (၁၂)လခြားကာ တစ်ကြိမ် ထပ်မံထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနထံမှ သိရသည်။
မောင်အေးချမ်း


