နေပြည်တော် ၂၂ မေ 
    

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်အကြို သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
    

 

အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက “ဒီနှစ်ကျောင်းအပ်နှံရေး သတင်းပတ်မှာ နှစ်တိုင်းနဲ့မတူဘဲ ထူးခြားတာက နှစ်တိုင်းက ပညာသင်ယူမှုအခွင့်အလမ်းပဲ ပိုဦးစားပေးပါတယ်။ ဒီနှစ်က မည်သည့်ခွဲခြားမှုမှမရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ဆိုတဲ့ ဆောင်ပုဒ် လုပ်ထားပါတယ်။ ဒီနှစ်က ကျောင်းနေခွင့်ရရုံပဲ လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေ အရည်အသွေး တိုးတက်လာအောင် မိဘပြည်သူတွေက ပူပေါင်းပါဝင်ကြဖို့ စီစဉ်ထားပါတယ်” ဟုပြောသည်။
    

 

သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာဦးစီးဌာနရှိ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးလူစီယာနို၊ ဦးသန်းစိုးအောင်၊ ဒေါက်တာတင်ယုယုအေး၊ ဦးတိုးဝင်း၊ ဦးအေးလွင်၊ ဒေါ်ခင်သူဇာအေးတို့က ဌာနအလိုက် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး မီဒီယာများ၏ မေးမြန်းမှုများကို ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက ပြန်လည်ဖြေကြားခဲ့သည်။
    

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အခြေခံပညာ ကျောင်းပေါင်း (၄၇၀ဝ၅) ကျောင်း၊ ကျောင်းအုပ်ကြီးများ အပါအဝင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း သင်ကြားရေးဆရာ ဆရာမဦးရေ (၄၀၄၄၄၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၉၁၄၄၄၆၉) ဦးရှိကြောင်း သိရသည်။ ကိုယ်ပိုင်အထက် တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ပါက စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၉ ဒသမ ၇ သန်းကျော်က အခြေခံပညာရေးအဆင့်တွင် သင်ကြားလျက်ရှိကြောင်း သိရသည်။ 

 


သတင်းစဉ်