၃ ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲရန် ဝယ်ယူခွင့်လျှောက်လွှာ တင်ထားသည့် အစီးရေ ငါးဆယ့်ငါးစီး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA)မှ အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။


“ကျောင်းကားတွေနဲ့ ပတ်သက်ပြီးတော့ ဝယ်ယူခွင့် လျှောက်လွှာတင်ချင်ရင် ကားနဲ့ပတ်သက်လို့ မှန်ကန်အောင် ကညန က စစ်ဆေးမယ်၊ လုပ်ငန်းနဲ့ပတ်သက်လို့ ကျောင်းတွေက စစ်ဆေးမယ်၊ ဝယ်ယူခွင့်အတွက် မှန်မှန်ကန်ကန်ဖြစ်အောင် YRTA ကနေပြီးတော့ ဆောင်ရွက်ပေးမယ်လို့ ဒီသုံးခုကို တင်ပြခဲ့တဲ့အတိုင်း အခု ကျွန်တော်တို့ဆီမှာ ကျောင်းကားဝယ်ယူခွင့် လျှောက်လွှာတွေ ဒီမှာ ရောင်းနေပြီဖြစ်ပါတယ်၊ ဒီနေ့ဆိုရင် ၅၅ စီး လျှောက်လွှာ ယူထားတာရှိပါတယ်”ဟု ဦးလှအောင် က ပြောသည်။


ကျောင်းကားများ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျောင်းကား သယ်ယူပို့ဆောင်ရေးစနစ် ပေါ်ပေါက်ရန် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀ဝ ရှိသည့်အနက် ၉၈ စီးဖြင့် ကျောင်း ၁၂ ကျောင်းတွင် ပြေးဆွဲပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော် က ပြောသည်။


လက်ရှိပညာသင်နှစ် ကျောင်းဖွင့်သည့် အချိန်မှစတင်၍ ကျောင်းကား ၉၈ စီးဖြင့် ကျောင်း ၁၂ ကျောင်းမှ ကျောင်းသား/ကျောင်းသူ ၁၈၉၇ ဦးကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။


“ကျောင်းတွေအနေနဲ့ ထပ်မံပြီးတော့ ကျောင်းကားပြေးဆွဲပေးဖို့ ကျောင်းသားစာရင်းတွေ ထပ်တက်နေတာ ရှိပါတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ စာရင်းကောက်ယူနေပါတယ်၊ စာရင်းကောက်ယူပြီးတဲ့အခါ ပြေးဆွဲရမယ့် လမ်းကြောင်းတွေ ရေးဆွဲပြီးတော့ ပြေးဆွဲသွားမှာဖြစ်ပါတယ်”ဟု ဦးအောင်ညီညီမော် က ပြောသည်။


ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကျောင်းကားပြေးဆွဲခြင်းမှာ  ဈေးကွက်ကို ဝင်လိုခြင်းကြောင့် မဟုတ်ဘဲ စနစ်ကျသည့် ကျောင်းကားစနစ်တစ်ခု ဖြစ်ပေါ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်း က ပြောကြားထားသည်။ 


လက်ရှိ ပညာသင်နှစ်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချက် ၁၂ ချက်နှင့်ညီသော ကျောင်းကားများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ပြီး အချက် ၁၂ ချက်အတိုင်း ကျောင်းကားတင်သွင်းမည်ဆိုပါက တင်သွင်းစဉ်ကာလအတွင်းမှာမူ ကားဟောင်းများဖြင့် ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။ 


ငြိမ်းငြိမ်း(GNLM)