စလင်း ၁၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းနေအရွယ် ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် နယ်မြေကွင်းဆင်းဆေးကုသမှုပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက မြေနုကျေးရွာ ကျန်းမာရေးဌာနခွဲအပိုင် ကံကြီးကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ် အသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်ကျန်းမာရေးမှူး ဦးမင်းမင်းထွန်းမှ လတ်တလောဖြစ်ပွားနေသော အသက်အန္တရာယ်စိုးရိမ်ရသည့် ရာသီတုပ်ကွေး(H1N1)ရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ကူးစက်ရောဂါနှင့် မကူးစက်နိုင်သော ရောဂါများအကြောင်း၊ ဆယ်ကျော်သက် လူငယ်ကျန်းမာရေး၊ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြော ခဲ့သည်။
ဆက်လက်၍ မြို့နယ်သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာကောင်းမြတ်မိုးက သွားနှင့်ခံတွင်း ကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် နည်းစနစ်မှန်ကန်စွာသွားတိုက်နည်းအဆင့်ဆင့်ကို လက်တွေ့ ပြသရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ကျေးရွာအတွင်းမှ လာရောက်ပြသသော လူနာ ၁၄၃ ဦးအား အခြေခံကျန်းမာရေးစစ်ဆေးပေး၍ ရောဂါအလိုက် လိုအပ်သောကုသမှုပေးခြင်း၊ ဆေးဝါးထောက်ပံ့ခြင်းနှင့် သွားလူနာ ၁၂ ဦးအား ဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)


