ကျောင်းကုန်း ၁၁ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်း ငါးကောင်ရေ (၄)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဒါးကမြစ်အတွင်းသို့ ယနေ့နံနက်က ကျင်းပခဲ့သည်။
သဘာဝငါးသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်၊ ငါးထုတ်လုပ်မှု များ လျော့နည်းမသွားစေရန်နှင့် ပြည်သူများ ငါးစားသုံးမှုတိုးတက်လာစေရန် ရည်ရွယ်၍ သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားတွင် ငါးမြစ်ချင်းကောင်ရေ (၂)သိန်းခွဲ၊ ငါးခုံးမကြီးကောင်ရေ (၁)သိန်းနှင့် ရွှေဝါငါးကြင်းကောင်ရေ (၁)သိန်း၊ စုစုပေါင်း (၄)သိန်းခွဲအား သဘာဝရေပြင်နှင့် အင်းချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


