ကျောင်းကုန်း ၂၇ စက်တက်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ဆန်၊ ဆီနှင့် ကုလားပဲလှူဒါန်းမှုကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကော်မတီအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များမှ လှူဒါန်းငွေများကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုလျက်ရှိကြောင်း၊ ယနေ့လှူဒါန်းသည့် ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးနှင့် အလှူရှင်များ၊ ရန်ကုန်မြို့ရောက် ကျောင်းကုန်းမြို့သားအားလုံးနှင့် ကိုဗစ်ကော်မတီသို့ ကျောင်းကုန်းမြို့နယ်အတွင်းမှ အလှူရှင်များအားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေတို့က ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် မြို့နယ် ကိုဗစ်ကော်မတီသို့ ရန်ကုန်မြို့ရောက် ကျောင်းကုန်းမြို့နယ်အသင်းသားများက ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပြီး ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစု (ထွန်းမြတ်သူကုမ္ပဏီ)က ဆန်(၁၅၀)အိတ်၊ ဆီ(၁၀)ပိဿာပုံး (၇၀)၊ ကုလားပဲ(၁၀)ပိဿာ အိတ်(၂၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၆၇)သိန်းကျော် လှူဒါန်းမှုအား အလှူရှင်ကိုယ်စား ဦးစိန်ဝင်း က ပေးအပ်ရာ သက်ဆိုင်သည့် ဌာနဆိုင်ရာများက လက်ခံရယူခဲ့ကြသည်။
ဧပြီ ၂၉ ရက်က ပထမအကြိမ် ကာလဒါနအလှူအဖြစ် ငွေကျပ်(၄၂)သိန်းကျော်ကို ရန်ကုန်မြို့ရောက် ကျောင်းကုန်းသားများက ဝိုင်းဝန်းလှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ကာလ ဆွမ်းခံမကြွနိုင်သည့် စာသင်တိုက်(၅)တိုက်သို့ ဆန်(၃)အိတ်၊ ဆီ(၁)ပုံး၊ ကုလားပဲ(၁)အိတ်စီနှင့် ဘုန်းတော်ကြီးကျောင်း (၂၄)ကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၁)ပုံးနှင့် ကုလားပဲ(၁)အိတ်စီ ထောက်ပံ့ပေးခဲ့ပြီး ထွေ/အုပ်၊ မြန်မာနိုင်ငံရဲ၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ လ.ဝ.က၊ ပြည်သူ့ဆေးရုံနှင့် ကော်မတီလူငယ် (၂၉၀)ဦးတို့အား ဆန် (၆)ပြည်၊ ဆီ(၅၀)သား၊ ကုလားပဲ(၅၀)သားစီတို့ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)