ကျောင်းကုန်း ၆ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ပြန်လည်ကုစားမှုအစီအစဉ်အရ နိုင်ငံတော်အစိုးရမှ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကံကလေးအုပ်စုရှိ ငါးမွေးတောင်သူ (၁၃)ဦး၏ ငါးကန် ၇၄၇ ဒသမ ၁၀ ဧကအတွက် သုံးလက်မအရွယ် ငါးသားပေါက် ၁၄၉၄၂၀၀ ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ နံနက် ၈ နာရီခွဲတွင် တံခွန်တိုင်အုပ်စုရှိ ငါးမွေးတောင်သူ (၁၁)ဦး၏ ငါးကန် ၇၅ ဒသမ ၇၀ ဧကအတွက် ငါးသားပေါက်ကောင်ရေ ၁၅၁၄၀၀ ကောင်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးသားပေါက်ပေးအပ်ပွဲအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပုသိမ်ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးများ၊ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


