နေပြည်တော် ၁၃ ဇူလိုင်
ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်က ယနေ့ပြုလုပ်သော အစည်းအဝေးသည် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသူကျောင်းသား များကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်နိုင်ရန် နည်းပညာ အချက်အလက်များကို အပြီးသတ်ရှင်းလင်းဆွေးနွေးမည် ဖြစ်ပါကြောင်း၊ စာသင်ကျောင်းများဖွင့်လှစ်ခြင်းသည် နိုင်ငံအတွက် အလွန်အရေးကြီးသော ကိစ္စတစ်ခုဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်အစရှိသော နိုင်ငံများတွင် ကျောင်းများပြန်လည် ဖွင့်လှစ်နေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ပညာရေးဝန်ကြီးဌာနက ကျောင်းသူကျောင်းသားများ ပညာသင်ယူရေး အခွင့်အလမ်းများကို မဆုံးရှုံးစေရန်အတွက် ရည်ရွယ်ပြီး လာမည့် ဇူလိုင် (၂၁)ရက်တွင် အခြေခံပညာ အထက်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ထားပြီး၊ ကျန်အတန်းများကိုလည်း အဆင့်ဆင့် ဖွင့်လှစ်သွားမည်ဟု သိရှိရပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နိုင်ငံအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် နည်းပညာပံ့ပိုးမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ရေးဆွဲထားသော စံလုပ်ထုံးလုပ်နည်းများ၊ ဆန်းစစ်ပုံစံများနှင့် အဓိကသတင်း အချက်အလက်များကို နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ အခြေခံပညာကျောင်း (၂)ကျောင်းတွင် ကွင်းဆင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကွင်းဆင်းစမ်းသပ်ချက်ရလဒ်များအပေါ် ပြန်လည်စိစစ်၍ ရေးဆွဲထားပါ ကြောင်း၊ ယနေ့တွင် အပြီးသတ် ဆွေးနွေးတိုင်ပင်ကြမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးအပြီးတွင် အပြီးသတ် ဆွေးနွေးထားသော စံလုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်များကို ပညာရေးဝန်ကြီးဌာနက ထုတ်ဝေမည့် ကျောင်းများအတွက် လုပ်ငန်းလမ်းညွှန်စာအုပ်တွင် ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီပေးပို့ရန် နည်းပညာပံ့ပိုးရေးကော်မတီက အင်တိုက်အားတိုက် ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
အဆိုပါ စံလုပ်ထုံးလုပ်နည်းများတွင် ကျောင်းများတွင် စနစ်တကျပိုးသတ်သန့်စင်ခြင်း၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်း ရေးနှင့် တကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းချိန်အတွင်း ကျောင်းသူ/ ကျောင်းသား တစ်ဦးကိုယ်အပူချိန်တက်လာပါက ဆက်သွယ်ဆောင်ရွက်ရန် အချက်များကို ရေးဆွဲထားပြီး၊ ဆန်းစစ်ပုံစံများပါဝင်ကြောင်း၊ မိဘများ၊ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းကြို/ ပို့ယာဉ်များ လိုက်နာဆောင်ရွက်ရမည့် အဓိကအချက်အလက်များကိုလည်း ပြုစုထားရှိကြောင်း သိရသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် တာဝန်ရှိသူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေး နည်းပညာပံ့ပိုးမှုကော်မတီဉက္ကဋ္ဌ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်


