နေပြည်တော် သြဂုတ် ၂၈
ကောင်းမွန်သော အဏ္ဏဝါသမုဒ္ဒရာ ပတ်ဝန်းကျင်ဖြစ်စေရေးနှင့် ရေရှည်တည်တံ့သော ရေသယံဇာတ လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သတ်မှတ်ထားသော ဥပဒေစည်းမျဉ်းစည်းကမ်းများ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ သြဂုတ် ၂၇ ရက်က ရန်ကုန်မြို့၊ ကြို့ကုန်းရှိ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်မတွင် ကျင်းပသည့် မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များနှင့် အသင်းတာဝန်ရှိသူများ တွေ့ဆုံပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေးပြောကြားသည်၊၊
ဆက်လက်၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ချမှတ်၍ ငါးသယံဇာတ အရင်းအမြစ်များ၏ ကျက်စားရာ နေရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငါးသယံဇာတများကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ပင်လယ်ငါးဖမ်းဆီး ထုတ်လုပ်မှု လျော့ချရန်နှင့် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး အားပေးကူညီလျက်ရှိကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများအသင်း၊ ပို့ကုန် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များက ဆောင်ရွက်ဆဲလုပ်ငန်းခွင် အတွေ့အကြုံများ၊ ရှေ့အလားအလာများနှင့် ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး ဌာနဆိုင်ရာအပိုင်းနှင့် ပုဂ္ဂလိကအပိုင်းများက ဆောင်ရွက်ရန် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံထွက်ကုန်များ စစ်ဆေးရေး ဓာတ်ခွဲခန်း၏ ပိုးသတ်ဆေး ဓာတ်ကြွင်းများ စစ်ဆေးခြင်း၊ အဆိပ်သတ္တုများ စစ်ဆေးခြင်း၊ မှိုအဆိပ်များ စစ်ဆေးဆောင်ရွက်နေမှုနှင့် သီးနှံပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဌာနစုက သီးထိုးယင် ကာကွယ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ ဓာတ်ခွဲခန်းတာဝန်ခံများက ရှင်းလင်းတင်ပြကြသည်။
အလားတူ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲ၏ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကျွဲနွားကူးစက်ရောဂါ ကာကွယ်ဆေး (၅) မျိုး၊ ဝက်ရောဂါကာကွယ်ဆေး (၂) မျိုး၊ ကြက်ရောဂါ ကာကွယ်ဆေး (၁) မျိုးနှင့် ဆင်ရောဂါကာကွယ်ဆေး (၁) မျိုး ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓာတ်ခွဲခန်း အရည်အသွေးမြှင့်တင်ရေးနှင့် သုတေသနဖွံ့ဖြိုးရေး ဆိုင်ရာများကို တာဝန်ရှိသူမျာအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်