နေပြည်တော် ဒီဇင်ဘာ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ(၁)၌ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ့ရေသယံဇာတများ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရန် ဖမ်းဆီးထုတ်လုပ်ခြင်းအစား မွေးမြူထုတ်လုပ်ခြင်းကို အလေးပေး ဆောင်ရွက်ကြစေလိုကြောင်း၊ စားသုံးသူဘေးကင်းလုံခြုံရေးနှင့် ပြည်ပတင်ပို့ရာတွင် လိုက်နာရမည့် စံချိန်စံညွှန်းများကို တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
၂၀၂၃-၂၀၂၄ခုနှစ်(ဧပြီလမှ နိုဝင်ဘာလအထိ) ငါး ပုစွန်နှင့် ရေထွက်ကုန်များ ပြည်ပ တင်ပို့မှုမှ မက်ထရစ်တန်ချိန်(၂၉၃၇၀၁ဒသမ၉၄၁)တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၄၄၈ဒသမ၅၇၉) သန်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်း အတတ်သင် ကျောင်း (ကြို့ကုန်း)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရှားပါးလာသော ဒေသ ငါးမျိုးစိတ်များထိန်းသိမ်းရေး၊ သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးရေးနှင့် စီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေး၊ သဘာဝဂေဟစနစ်ကို ထိခိုက်စေနိုင်သည့် ငါးဖမ်းနည်းများ အသုံးမပြုရေး ထည့်သွင်းပို့ချရန်နှင့် ငါးသယံဇာတကို အခြေခံသည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိရေးအတွက် ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်