နေပြည်တော်၊ ဒီဇင်ဘာလ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ Orchard Co.,Ltd ၏ ငါးကျည်း၊ ငါးတန်၊ ငါးမြစ်ချင်းများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ ရေလုပ်သားများ၏ လူနေမှုဘဝတိုးတက် မြင့်မားစေရေး၊ ငါးသယံဇာတများ ထိန်းသိမ်းနိုင်ရေး၊ ငါးဖမ်းထုတ်လုပ်မှုသာမက  မွေးမြူထုတ်လုပ်ရေးကို အလေးပေး ဆောင်ရွက်ရန်၊ မွေးမြူထုတ်လုပ်သူများအနေဖြင့် ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP)များနှင့်အညီ ထုတ်ကုန် အရည်အသွေးမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားပြီး ငါးမွေးမြူထားရှိမှုနှင့် နွေစပါးစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခတ္ထိယကျေးရွာတွင် ဝါဝါဝင်း ကုမ္ပဏီလီမိတက်က လုပ်ကိုင်လျက်ရှိသည့် နို့စားနွားမွေးမြူရေးလုပ်ငန်း၊ နို့နှင့် နို့ထွက် ပစ္စည်းထုတ်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပန်းတနော်မြို့နယ်၊ GLOBAL EARTH ကုမ္ပဏီ ငါးမွေးမြူ ထုတ်လုပ်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် ထူးထက်ဟန်ကုမ္ပဏီလီမိတက်၏ CP အသားတိုးဝက်မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှု၊ စျေးကွက်သို့ တင်ပို့ရောင်းချနေမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးခြံ (၁၂) ခြံ တိုးချဲ့ပြီး အကောင်ရေ (၇၈၀၀) တိုးချဲ့မွေးမြူမည့် အစီအစဉ်များကို ကြည့်ရှုအားပေးသည်။ 

ဒုတိယဝန်ကြီးသည် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီးခရိုင်အဆင့် တာဝန်ရှိသူများ၊ ဝန်ထမ်းအိမ်ယာ စီမံခန့်ခွဲရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လက်ရှိနေထိုင်သည့် ဝန်ထမ်းအင်အား၊ ပြုပြင်ရမည့် အိမ်ယာများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။     

သတင်းစဉ်