စစ်ကိုင်း   ၃၀   မေ     

 

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ၏ မြောက်ဘက်ရှိ နှစ်ပေါင်း ၃၆၀ ကျော် သက်တမ်းရှိသော မေတ္တာကန်ကို အကြီးစားပြုပြင်မှုများ ပြုလုပ်ဆောင်ရွက်နေကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ ရှေးဟောင်းမေတ္တာကန်မှာ နှစ်သက်တမ်းကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ရေရှည်တည်တံခိုင်မြဲရန်အတွက် အကြီးစားပြုပြင်ဆောင်ရွက်မှုကို ယခုလ ပထမအပတ်က စတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

'' ဒီကန်ကြီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး စတင်ပျက်စီးယိုယွင်းလာတယ်၊ အရင်ဂေါပကလက်ထက်မှာ သူတို့တတ်နိုင်သလောက်အားနဲ့ ပြုပြင်ခဲ့တယ်။ အကုန်လုံးမပြင်နိုင်တဲ့အတွက် ပြင်တဲ့နေရာက ကောင်းပေးမဲ့ အခြားနေရာတွေက အက်ကွဲလိုက်လာတယ်။ အဲလိုအက်လိုက်လာရင်းကနေ သဘာဝဘေးဒဏ်မခံနိုင်တော့ တစ်ကန်လုံးနီးပါးပြုပြင်ရမယ့် အနေအထားဖြစ်လာတယ်၊ ကျွန်တော်တို့ ရာသီဥတုဒဏ်၊ သဘာဝဒဏ်ကို နှစ်ရှည်ခံနိုင်အောင် တစ်ကန်လုံးကို ပြုပြင်မယ်။ ကုန်ကျငွေက ခန့်မှန်းလို့ မရသေးပါဘူး။''ဟု  ကောင်းမှုတော် စေတီဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးနီတင်က ပြောပြသည်။

 

ရှေးဟောင်း မေတ္တာရေကန်ကို အကြီးစားပြုပြင်ဆောင်ရွက်ရာတွင်  ကန်အတွင်း ရေမြုပ်ကျောက်ထုပ်ရိုက်၍ ရေလွတ်သည့်နေရာတွင် အုတ်စီခြင်း၊ အုတ်စီထားသည့် အတွင်းတွင် သံပင်များဖြင့် ငါးပေတစ်ကန့်  ၁၀ ပေတစ်ကန့်ချုပ်ကာ ကွန်ကရစ်ရိုက်ခြင်းပြုလုပ်နေပြီး လျှောက်လမ်းလေးဘက်စလုံး သဘာဝ ဘေးဒဏ်ခံနိုင်သည်အထိ ပြင်ဆင်ပြီးပါက အဆိုပါလျောက်လမ်းများပေါ်တွင် ဘုရားဖူးလာပြည်သူများ မေတ္တာကန်အား တစ်ပတ်လုံးပတ်ပြီး ဘုရားကိုဖူးမြော်နိုင်ရန် စောင်းတန်းများဆောက်လုပ်ရန်စီစဉ်နေကြာင်း သိရသည်။

 

အဆိုပါ  မေတ္တာကန်သည် အရှေ့အနောက် အလျား ၁၉၉  ပေ ငါး လက်မ တောင်မြောက်အနံ  ၁၅၄  ပေ ခြောက်လက်မရှိကြောင်း အဆိုပါ ဘုရားသမိုင်းမှတ်တမ်းအရ သိရသည်။

 

ထိုကန်၏ ထူးခြားချက်မှာ အခါခပ်သိမ်း ရေမခမ်းခြင်း၊ ကန်ရေပြင်တွင် သစ်ရွက်၊ အမှိုက်၊  ရေညှိ  စသည်မရှိ သန့်စင်ခြင်း၊ တိုင်းပြည်အန္တရာယ်ကျရောက်လုချိန်တွင် ကန်ရေပြင်သည် ဆန်ဆေးရေကဲ့သို့  နောက်ကျိလာခြင်း၊ ကန်တွင်းသို့ အမျိုးသမီးများ  ရေဆင်းချိုးခြင်းနှင့်  ကန်ရေကို အမင်္ဂလာကိစ္စများတွင်  အသုံးပြုမိပါက ဘေးဥပါဒ် ကျရောက်တတ်ခြင်း၊ မယုံကြည်၍ ကန်တွင်းမှ ငါး၊ လိပ် စသည့်တို့ကို ဖမ်းယူစားသောက်လျှင် သိသိသာသာ ဒုက္ခရောက်တတ်ခြင်း၊ ကန်ရေကို မျက်စဉ်းခတ်မှု၊ သောက်သုံးမှုပြုပါက  ရောဂါဝေဒနာ ပျောက်ကင်းခြင်း၊   နှစ်ပေါင်း    (၃၆၀)   ကျော် ကြာမြင့်သော်လည်း ကန်ရေသည် တစ်စုံတစ်ရာ နောက်ကျိ၊ ပုပ်သိုး၊ ညစ်ပေမှု မရှိသဖြင့် လှယ်ထုတ်ရမှုမရှိခြင်းတို့မှာ မေတ္တာကန်၏ ထူးခြားချက်များဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။  

 

ကိုမင်း(အင်းတော်)

 

IMG_20