စစ်ကိုင်း  ၂၈ မေ     


စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏  ရှေးဟောင်းမေတ္တာကန်အား အကြီးစားပြုပြင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း  ကောင်းမှုတော်စေတီဂေါပကအဖွဲ့ထံမှ သိရသည်။


အဆိုပါ ရှေးဟောင်းမေတ္တာကန်မှာ နှစ်သက်တမ်းကြာမြင့်လာသည်နှင့်အမျှ သဘာဝဘေးဒဏ်များကြောင့် ပျက်စီးယိုယွင်းလာသဖြင့် ရေရှည်တည်တံခိုင်မြဲအောင်အတွက် အကြီးစားပြုပြင်ဆောင်ရွက်မှုကို ယခုလ ပထမအပတ်က စတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် (၃၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


'' ဒီကန်ကြီးဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး စတင် ပျက်စီးယိုယွင်းလာတယ်၊ အရင်ဂေါပက လက်ထက်မှာ သူတို့ တတ်နိုင်သလောက်အားနဲ့ ပြုပြင်ခဲ့တယ်။ အကုန်လုံးမပြင်နိုင်တဲ့ အတွက် ပြင်တဲ့နေရာက ကောင်းပေးမယ့် အခြားနေရာတွေက အက်ကွဲလိုက်လာတယ်။ အဲလို အက်လိုက်လာရင်ကနေ သဘာဝဘေးဒဏ်မခံနိုင်တော့ တစ်ကန်လုံးနီးပါးပြုပြင်ရမယ့် အနေအထားဖြစ်လာတယ်၊ကျွန်တော်တို့ ရာသီဥတုဒဏ်၊သဘာဝဒဏ်ကို နှစ်ရှည်ခံနိုင်အောင် တစ်ကန်လုံးကို ပြုပြင်မယ်။ကုန်ကျငွေက ခန့်မှန်းလို့ မရပါဘူး။''ဟု  ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ ဒုတိယဥက္ကဌ ဦးနီတင်က ပြောသည်။


ရှေးဟောင်းမေတ္တာရေကန်အား အကြီးစားပြုပြင်ဆောင်ရွက်ရာတွင် ကန်အတွင်းရေမြုပ်ကျောက်ထုပ် ရိုက်၍ ရေလွတ်သည့်နေရာတွင် အုတ်စီခြင်း၊ အုတ်စီထားသည့်အတွင်းတွင် သံပင်များဖြင့် ၅ ပေ တစ်ကန့်၊ ၁၀ တစ်ကန့်ချုပ်ကာ ကွန်ကရစ်ရိုက်ခြင်းပြုလုပ်နေကြောင်း၊ လျှောက်လမ်း လေးဘက်စလုံး သဘာဘေးဒဏ်ခံနိုင်သည်အထိ ပြင်ဆင်ပြီးပါက အဆိုပါ လျှောက်လမ်းများပေါ်တွင် ဘုရားဖူးလာ ပြည်သူများ မေတ္တာကန်အား တစ်ပတ်လုံးပတ်ပြီး ဘုရားကိုဖူးမြော်နိုင်ရန် စောင်းတန်း များဆောက် လုပ်ရန်စီစဉ်နေကြာင်း သိရသည်။


အဆိုပါ မေတ္တာကန်သည် အရှေ့၊ အနောက် အလျား ၁၉၉ ပေ၊ ၅ လက်မ၊ တောင်မြောက်အနံ ၁၅၄ ပေ ၆ လက်မ  ရှိပြီး ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို တည်ထားကိုးကွယ်တော်မူသော သာလွန်မင်းတရားကြီး၏  ကုသိုလ်တော်ဖြစ်ပင် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။


ရာဇမဏီစူဠာ ကောင်းမှုတော်စေတီတော်ကြီး၏ တည်ထားသင့်ရာ မြေနေရာကိုညွှန်ပြသူ သိကြားမင်း၏ မေတ္တာရပ်ခံချက် အရစေတီတော်ကြီး၏ မြောက်ဘက်တွင် ရေကန်တူးဖော်ခဲ့ရာ “မေတ္တာကန်” ဟု အမည်တွင် ကာထင်ရှားခဲ့ပြီး ထိုကန်၏ ထူးခြားချက်မှာ အခါခပ်သိမ်း ရေမခန်းခြင်း၊ ကန်ရေပြင်တွင် သစ်ရွက်၊ အမှိုက်၊  ရေညှိ  စသည်မရှိ သန့်စင်ခြင်း၊ တိုင်းပြည်အန္တရာယ် ကျရောက် လုချိန်တွင် ကန်ရေပြင်သည် ဆန်ဆေးရေကဲ့သို့  နောက်ကျိလာခြင်း၊ ကန်တွင်းသို့ အမျိုးသမီးများ  ရေဆင်းချိုးခြင်းနှင့်  ကန်ရေကို အမင်္ဂလာကိစ္စများတွင်  အသုံးပြုမိပါက ဘေးဥပါဒ် ကျရောက်တတ်ခြင်း၊ မယုံကြည်၍ ကန်တွင်းမှ ငါး၊ လိပ်  စသည့်တို့ကို ဖမ်းယူစားသောက်လျှင် သိသိသာသာ ဒုက္ခရောက်တတ်ခြင်း၊ ကန်ရေကို မျက်စဉ်းခတ်မှု၊ သောက်သုံးမှုပြုပါက  ရောဂါဝေဒနာ ပျောက်ကင်းခြင်း၊နှစ်ပေါင်း (၃၆၀) ကျော်ကြာမြင့်သော်လည်း ကန်ရေသည် တစ်စုံတစ်ရာ နောက်ကျိ၊ပုပ်သိုး၊ ညစ်ပေမှု မရှိသဖြင့် လှယ်ထုတ်ရမှုမရှိခြင်းတို့မှာ မေတ္တာကန်၏ ထူးခြားချက်များဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။


ကိုမင်း(အင်းတော်)

 

1