ရန်ကုန် ၁ ဇူလိုင်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် "ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်" အတွက် ကျောင်းပြင်ပမူလတန်းပညာရေး ရန်ကုန်ဇုန်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ခန်းမတွင်ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် သင်တန်းတာဝန်ခံ ဦးအောင်စိုးက သင်တန်းသုံးသပ်ချက်ကို တင်ပြပြီး ဗဟိုအဆင့် သင်တန်းတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးတို့မှ တာဝန်ရှိသူများက သင်တန်းကာလအတွင်း စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနက ချီးမြှင့် သည့် ကျောင်းပြင်ပ မူလတန်းပညာရေး အောင်မြင်ခဲ့ပြီး အခြေခံပညာကျောင်းများတွင် တက်ရောက်၍ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများအတွက် ဆုချီးမြှင့်ငွေများကို ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦးက မင်္ဂလာဒုံမြို့နယ်မှ မသက်ငုံဖူးကို ချီးမြှင့်ပြီး ကျန်ရှိသည့် ကျောင်းသား/ ကျောင်းသူ (၁၀)ဦးအတွက် ချီးမြှင့်ငွေများကို တိုင်းဒေသကြီးကြပ်ရေးမှူး ဦးစိုးမြင့်ထံ လွှဲအပ်သည်။
ယင်းနောက် သင်တန်းသားများကိုယ်စား ပြည်မြို့နယ်မှ ဒေါ်သီတာစန်းက သင်တန်းအတွေ့အကြုံနှင့် ကျေးဇူးတင်စကား ပြောကြားပြီး မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်ညိုက ဂုဏ်ပြုစကား ပြောကြားပြီး သင်တန်းဆင်းပွဲကို သင်တန်းသား/သင်တန်းသူများက "ကလေးများအတွက် ဒီနေ့" သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းသည်။
အလားတူ ဇုန်နယ် သင်တန်းဆင်းပွဲများကို ယမန်နေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့နှင့် မော်လမြိုင် မြို့များတွင် ကျင်းပခဲ့ပြီး ဇုံနယ်သင်တန်းများသို့ သင်တန်းသား/သင်တန်းသူ (၂၄၉)ဦး တက်ရောက်ကာ ကျောင်းပြင်ပ မူလတန်း ပညာရေး အောင်မြင်ခဲ့ပြီးနောက် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


