လိပ်သို  စက်တင်ဘာ  ၁၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား လူငယ်များ မိမိတို့၏ စိတ်ကူးများ ပုံဖော်ရေးဆွဲနိုင်ရန် ရည်ရွယ်၍ ပန်းချီ၊ ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက  ကျင်းပခဲ့သည်။

           

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သားငယ် သမီးငယ်များ ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတ များရရှိစေရန်၊ အားလပ်ချိန်များတွင် မိမိ၏ဝါသနာကို အကျိုးရှိရှိ လက်တွေ့အသုံးချ တတ်စေရန်၊ ဉာဏ်ရည်မြင့်မား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်သားကောင်း ရတနာများ ဖြစ်လာစေရန်နှင့် မိမိတို့၏ စိတ်ကူးများကို  ပုံဖော်ရေးဆွဲနိုင်ရန် ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို  ပြုလုပ်ဆောင်ရွက်ပေးရာ ကလေးငယ်များ (၁၂) ဦးတို့က စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

           

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲဆောင်ရွက်ခြင်း၊ နံရံကပ် စာစောင်များ ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခင်လေးနွယ် (လိပ်သို)