နေပြည်တော်  ၅ နိုဝင်ဘာ

ကျောင်းတွင်းဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့၏ ၂၀၇ ကြိမ်မြောက် အစည်းအဝေးတွင် ပြင်သစ်၊ မက္ကဆီကို၊ မော်ရိုကိုနိုင်ငံများ၏ အဆိုပြုချက်များကို နိုဝင်ဘာလတွင် ကျင်းပသည့် အကြိမ်(၄၀)မြောက် ယူနက်စကို အထွေထွေ ညီလာခံတွင် အတည်ပြုခဲ့ပြီး “ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့”အဖြစ် ယူနက်စကိုအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံက သဘောတူခဲ့ ပါကြောင်း။

ကျောင်းများတွင် အနိုင်ကျင့်မှုများဖြစ်ပွားသော ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အကြမ်းဖက်မှုများသည် ကလေးသူငယ် များနှင့် ဆယ်ကျော်သက်အရွယ်ကလေးများ၏ ပညာသင်ယူခွင့်၊ ကျန်းမာပျော်ရွှင်ခွင့်ကို ထိပါးနှောက်ယှက်ခြင်း ဖြစ်သည်ကို ယူနက်စကိုအဖွဲ့ဝင်နိုင်ငံများက နားလည်သဘောပေါက်ကြပါကြောင်း။ ထို့ကြောင့် နှစ်စဉ် နိုဝင်ဘာလ ပထမသီတင်းပတ်၏ ကြာသပတေးနေ့ကို ကျောင်းတွင်း ဆိုက်ဘာခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများ ဆန့်ကျင်တိုက်ဖျက်ရေး အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ကြေညာသတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း။ 

ယူနက်စကို အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားဆက်စပ်သော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများသာမက အရပ်ဖက်အဖွဲ့အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူတစ်ဦးချင်းနှင့် အခြားပါဝင် ပတ်သက်သူများအနေဖြင့် အဆိုပါနေ့ကို ပူးပေါင်းပါဝင်ဆင်နွှဲပြီး တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်ပါကြောင်း။

လွန်ခဲ့သည့် ပျမ်းမျှတစ်လတွင် ကျောင်းများ၌ ကျောင်းသား(၃)ဦးလျှင် (၁)ဦးခန့်သည် ၎င်းတို့၏ သက်တူ ရွယ်တူများ၏ အနိုင်ကျင့်ခံရမှုများကို အနည်းဆုံး တစ်ကြိမ်ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများလည်း အလားတူ ကြုံတွေ့ခဲ့ရပါကြောင်း၊ ကျောင်းတွင်းအကြမ်းဖက်မှုနှင့် အနိုင်ကျင့်ခံရမှုများသည် များသောအားဖြင့် သက်တူရွယ်တူများက ကျူးလွန်မှုများဖြစ်ပြီး အချို့မှာ ဆရာ၊ ဆရာမများနှင့် အခြားကျောင်းဝန်ထမ်းများက အနိုင်ကျင့်နှိပ်စက်မှုများ ဖြစ်ပါကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးမှုများသည်လည်း နိုင်ငံပေါင်း (၆၇)နိုင်ငံတွင် ယခုအချိန်အထိ ရှိနေဆဲဖြစ်ပါကြောင်း။ ကျောင်းသား(၁၀)ဦးလျှင် တစ်ဦးသည် ဆိုက်ဘာအနိုင်ကျင့်ခံနေရ၍ နောင်တွင် ဆိုက်ဘာအနိုင်ကျင့်ခံရမှု ဖြစ်နိုင်ခြေပိုမိုများနေပါကြောင်း။ ယူနက်စကိုက ယခုနှစ် အပြည်ပြည် ဆိုင်ရာနေ့ အခမ်းအနားဆောင်ပုဒ်ကို “ကျောင်းတွင်း အနိုင်ကျင့်မှုကင်းဝေးဖို့ အတူလက်တွဲဆန့်ကျင့်စို့” “Together Against Bullying in School” ဟု သတ်မှတ်ကျင်းပခြင်းဖြစ်ပါကြောင်း။

အကြမ်းဖက်မှုများသည် ယေဘုယျအားဖြင့် သင်ယူတတ်မြောက်မှု၊ စိတ်ကျန်းမာရေးနှင့် အရည်အသွေး မြှင့်တင်ရေး တို့အပေါ် သိသာထင်ရှားသည့်  ဆိုးရွားသောသက်ရောက်မှုများ ဖြစ်စေပါကြောင်း။ ကျောင်းများတွင် မကြာခဏ အနိုင်ကျင့်ခံရသော ကလေးများသည် ကျောင်းနှင့်မသက်ဆိုင်သူ တစ်ဦးကဲ့သို့ (၃)ဆနီးပါး ခံစားရပြီး၊ မကြာခဏ အနိုင်ကျင့်မခံရသော ကလေးများထက် ကျောင်းတက်လိုစိတ် နှစ်ဆမက နည်းပါးပါကြောင်း။

အဆိုပါ ကလေးများ ၎င်းတို့၏ အတန်းဖော်များထက် ပညာရေးဆိုင်ရာရလဒ်များ မကောင်းသည့်အတွက် အထက်တန်းပညာ ပြီးဆုံးပြီးသည့် နောက်တွင် ကျောင်းထွက်လိုစိတ် ပိုမိုဖြစ်ပေါ်ပါကြောင်း။ ထို့ကြောင့် ကျောင်းတွင်း ဆိုက်ဘာ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်နှိပ်စက်မှုများကို ကာကွယ်တားဆီးရန်နှင့် လျော့နည်းပပျောက် စေရန်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်ကောင်းမွန်စေမည့် အကောင်အထည်ဖော်မှုများနှင့်  အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်အတွက် တိုက်တွန်းနှိုးဆော်ပါကြောင်း။ 

ကျောင်းများတွင် အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများပပျောက်စေရန် ဖြေရှင်းဆောင်ရွက်ခြင်းသည် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အထူးသဖြင့် SDG ပန်းတိုင်(၄)ဖြစ်သော “လူတိုင်း အကျုံးဝင်၍ တူညီမျှတပြီး အရည်အသွေးရှိသည့် ပညာရေးဖြစ်ရေးနှင့် တစ်သက်တာသင်ယူနိုင်မှု အခွင့်အလမ်းရရှိရေး” နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်-၁၆ ဖြစ်သော “ငြိမ်းချမ်းသာယာပြီး လူတိုင်းအကျုံးဝင်သော လူ့အဖွဲ့အစည်းများ တိုးမြှင့်လုပ်ဆောင်ရန်” တို့အတွက် မရှိမဖြစ်အရေးပါပါကြောင်း။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ယူနက်စကိုတို့ကလည်း ကျောင်းများတွင် အကြမ်းဖက်မှုကို ကာကွယ်တားဆီးရန် ဘက်စုံလွှမ်းခြုံသော အကောင်အထည်ဖော်သည့် နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု၊ Cyber bullying အပါအဝင် ကျောင်းတွင်းအနိုင်ကျင့်မှု တို့သည် ကလေးသူငယ်များ၏ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတားတစ်ရပ် ဖြစ်ပါကြောင်း၊ အကြမ်းဖက်အနိုင်ကျင့်ခံရသည့် ကလေးသူငယ်များသည် ဘေးကင်းလုံခြုံစွာ ပညာသင်ကြားခွင့် ရရှိရေးအပေါ် အခက်အခဲများကြုံတွေ့ကြရပြီး ငယ်ဘဝကရရှိခဲ့သည့် စိတ်ဒဏ်ရာများသည် ဘဝတစ်လျှောက်လုံး တည်ရှိနေတတ်ပါကြောင်း၊ အရွယ်ရောက်လာသည့် အခါတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုကျဆင်းပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းထိခိုက်ခံစားရခြင်းစသည့် ကျယ်ပြန့်သည့်အကျိုးဆက်များ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် ကြီးမားသည့် ပြဿနာကို တစ်ကမ္ဘာလုံးက ပိုမိုသတိထားမိစေရန် ယခုလို အပြည်ပြည်ဆိုင်ရာနေ့ကို ၂၀၁၉ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခုနှစ်သည် ဒုတိယမြောက်နှစ် ဖြစ်ပါကြောင်း။ 

ကျောင်းတွင်းအကြမ်းဖက်မှုနှင့် အနိုင်ကျင့်မှုသည် သိမ်မွေ့နက်နဲသည့် ပြဿနာဖြစ်ခြင်းကြောင့် ကလေးသူငယ် များ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု၊ ကျောင်းသား၊ ဆရာ၊ မိဘအပါအဝင် လူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုသည် အင်မတန်အရေးကြီးပါကြောင်း။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ် အားလုံး၏ အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရေးတို့အတွက် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေကို ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ခဲ့သလို ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို အခြေခံပြီး အခွင့်အရေးများ ဖော်ဆောင်နိုင်ရန်အတွက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း။  

မိမိတို့နိုင်ငံအနေဖြင့် ကလေးသူငယ်များအပေါ် ပုံသဏ္ဌာန်မျိုးစုံသော အကြမ်းဖက်ခြင်းများမှ ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် အာဆီယံဒေသတွင်းအဆင့်နှင့် နိုင်ငံအတွင်းရှိ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ အပါအဝင် လူသားအရင်းအမြစ်ဆိုင်ရာ အပိုင်းများအားလုံးတွင် နောက်ကျမကျန်ရှိစေအောင် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိဘအုပ်ထိန်းသူများ၊ ကြီးကြပ်သူဆရာ၊ ဆရာမများ၊ ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ပြည်သူလူထုအနေဖြင့်လည်း ဟန်ချက်ညီညီ အတူပါဝင် ပူးပေါင်းဆောင်ရွက်ရင်းဖြင့် နိုင်ငံရဲ့အနာဂတ် ကလေးငယ်များ လွတ်လပ်လုံခြုံစွာ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

ယင်းနောက် UNESCO မှ ကိုယ်စားလှယ် Ms Dolly Shein က  ကျောင်းတွင်း အနိုင်ကျင့်မှု၊ အကြမ်းဖက်မှုနှင့် Cyber Bullying များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်