ကဖင်းဓာတ်နှင့်ပတ်သက်ပြီး အထူးသဖြင့် ညခင်းဘက် ကော်ဖီသောက်ခြင်းအပေါ် ဆွေးနွေးငြင်းခုန်မှုများမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သလို ယခုလည်း အသစ်တွေ့ရှိမှုတစ်ခု ထွက်ပေါ်လာပြန်ပြီဖြစ်သည်။ ယခုတွေ့ရှိမှုမှာ ကဖင်းဓာတ်နှင့် အိပ်စက်ခြင်းကိုလေ့လာသည့် ရှေးရိုးစံထားနည်းမျိုးမဟုတ်ဘဲ ကဖင်းဓာတ်က ဦးနှောက်ကို ဘယ်လိုသက်ရောက်မှုရှိလဲ သိနိုင်ရန် အီးအီးဂျီဟုခေါ်သည့် နည်းပညာကိုသုံး၍ လေ့လာခဲ့ခြင်းဖြစ်သည်။
လေ့လာမှုကို ဦးဆောင်ခဲ့သော ပိုလန်နိုင်ငံ ဗရိုကလော ဆေးက္ကသိုလ်၊ သူနာပြုဌာနမှ ပါမောက္ခ ဒိုနာတာ ကားပတ်စ်က “အီးအီးဂျီ နည်းပညာက ကျွန်တော်တို့ကို လူတစ်ယောက် ဘယ်လိုအိပ်စက်လဲဆိုတာအပြင် အိပ်နေတဲ့အချိန်မှာ ဦးနှောက်ဘာလုပ်နေလဲဆိုတာကိုပါ မြင်ရစေပါတယ်။ အရည်အသွေးပြည့်ဝတဲ့ အီးအီးဂျီစမ်းသပ်ချက်တွေက လှိုင်းနှေးလှုပ်ရှားမှု လျော့ကျခြင်းလိုမျိုး ပိုမိုခိုင်မာတဲ့အပြောင်းအလဲတွေကို မြင်တွေ့ရစေပါတယ်။ လှိုင်းနှေးလှုပ်ရှားမှုတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ အရေးကြီးတဲ့အရာပါ”ဟု ရှင်းပြသည်။
ညနေခင်း ကော်ဖီသောက်ပြီးလျှင် အအိပ်ဆတ်သွားခြင်းနှင့် အိပ်မပျော်ခြင်းတို့မှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတတ်သည့်ကိစ္စများ မဟုတ်ပါ။ သို့သော် ပုံမှန်အတိုင်း အိပ်ပျော်နေချိန်မှာပင် ကဖင်းဓာတ်က ဦးနှောက်၏ လှိုင်းနှေးလှုပ်ရှားမှုများကို ကန့်သတ်လိုက်ခြင်းကြောင့် လူက အိပ်နေသော်လည်း ဦးနှောက်ကို နိုးကြားသည့်အနေအထားသို့ ရောက်ရှိသွားစေကြောင်း ဒေါက်တာ ကားပတ်စ်တို့အဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအခါ ဦးနှောက်သည် နှစ်ခြိုက်စွာအိပ်စက်မှု၏ အကျိုးခံစားခွင့်များကို မရရှိနိုင်တော့ပေ။
“ကျွန်တော်တို့ရဲ့ အာရုံကြော ဇီဝကမ္မမှတ်တမ်းတွေအရ အိပ်လို့ကောင်းတယ်လို့ ခံစားရတာဟာ အမြဲတမ်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာမျိုးမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ ဦးနှောက်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မနေပေမယ့် လူကတော့ ဘာပြဿနာကြီးကြီးမားမားမှမရှိ၊ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်တာမျိုးလည်းမဟုတ်ဘဲ ကောင်းကောင်းအိပ်စက်နိုင်နေတာပါ”ဟု သူက ဆက်ရှင်းပြသည်။
ထိုတွေ့ရှိမှုအရ ကော်ဖီသည် အိပ်ခါနီးသောက်ပြီး အိပ်စက်မှုအပေါ် သက်ရောက်သည်သာမက နေ့ခင်းဘက်တွင်လည်း ဦးနှောက်အပေါ် သက်ရောက်မှုရှိသည်ကိုပါ ဖော်ထုတ်နိုင်ခဲ့သည်။ ကော်ဖီသောက်လျှင် လန်းလန်းဆန်းဆန်းရှိပြီး အလုပ်လုပ်၍ကောင်းသော်လည်း ညဘက်တွင် ဦးနှောက် ကောင်းစွာအိပ်မပျော်ခြင်းကို ဖြစ်စေခြင်းအားဖြင့် မကောင်းသောသံသရာတစ်ခုကို ဖြစ်လာစေပြီး ရေရှည်တွင် ပိုမိုပင်ပန်းနွမ်းနယ်လာခြင်း၊ လှုံ့ဆော်မှုပိုမိုလိုအပ်လာခြင်း၊ အိပ်ရပိုခက်လာခြင်းတို့ ဖြစ်နိုင်ကြောင်းလည်း အဆိုပါတွေ့ရှိချက်က ထောက်ပြထားသည်။
Ref: scitechdsily


