ကော့သောင်း ၂၁ သြဂုတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ ကော့သောင်း-ဘုတ်ပြင်း အဝေးပြေးလမ်းမကြီးဘေး တစ်လျှောက်တွင် ခရီးသွားပြည်သူနှင့် မော်တော်ယာဉ်များ ဖြတ်သန်း သွားလာရာတွင် ဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် သစ်ပင်သစ်ကိုင်းများကို ရှင်းလင်းဖယ်ရှားမှု လုပ်ငန်းများအား ကော့သောင်းမြို့နယ်၊ မလိဝမ်း နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကော့သောင်းမြို့မှတစ်ဆင့် ပြည်မမြို့ကြီးများသို့ ဆက်သွယ်သွားလာရာတွင် အဆိုပါပြည်ထောင်စု လမ်းမကြီးအား အသုံးပြုကာ နေ့စဉ်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာလျှက်ရှိပြီး မိုးများသည့် ဒေသဖြစ်သဖြင့် လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုများ ဖြစ်ပေါ်တတ်သည်။ ကားလမ်းပေါ် သစ်ပင် သစ်ကိုင်းများ ကျိုးကျပြိုလဲမှုကြောင့် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ ထိခိုက်မှု အန္တရာယ် မကြာခဏဖြစ်ပေါ်လေ့ရှိသဖြင့် ခရီးသွားမော်တော်ယာဉ်များနှင့် ပြည်သူများ ဘေးအန္တရာယ် မဖြစ်ပေါ်ရေး ကော့သောင်းမြို့နယ်၊ မလိဝမ်းနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံခုတ်ထွင် ဖြတ်တောက် ရှင်းလင်းခြင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)