ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ရှားပါးပင်လယ်လိပ်တစ်ကောင်ပြန်လည်လွှတ်ပေး

ကော့သောင်း ၂၀  စက်တင်ဘာ

 

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် လေးမိုင်ကမ်းခြေသို့ သောင်တင်လာသည့် ရှားပါးပင်လယ်လိပ်တစ်ကောင်အား ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လိပ်မှာ ကျောခွံ အလျား ၂ ပေ ၄လက်မ၊အနံ၂ ပေ ၃လက်မရှိ အညိုရောင်ဖျော့ဖျော့ အရောင်ရှိကာ အမျိုးအစားမှာရှားပါးစာရင်းဝင် ပြင်သာလိပ်အမျိူးအစားဖြစ်ပြီး နို(လ်) NOUL မုန်တိုင်းအရှိန်ကြောင့် ပင်လယ်လှိုင်းများရိုက်ခတ်ရာ လိပ်၏ဘယ်ဘက်လက်တွင် ငါးဖမ်းပိုက် အစုတ်များဖြင့် ရစ်ပတ်တွယ်ညှိနေပြီးကူးခတ်ရန် အခက်အခဲဖြစ်ပေါ်ကာ လူသားများထံ အကူအညီ တောင်းရန် ကမ်းခြေသို့တက်လာခြင်းဖြစ်ကြောင်း ဒေသခံရေလုပ်သားများက ပြောသည်။

 

အဆိုပါ လိပ်အားကော့သောင်းမြို့၏ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကယ်ဆယ်ကာ ငါးလုပ်ငန်းဦးစီးဌာနသို့သတင်းပေးပို့လာသဖြင့် လိပ်မျိုးထိန်းသိမ်းရေးလုပ်ငန်းများအား အစဉ်တစ်စိုက် ဆောင်ရွက်လျှက်ရှိသည့် ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာ၊ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက ကူညီကယ်ဆယ်ကာ အက်ဒမန်ပင်လယ် သူဌေးကျွန်း တောင်ဘက်ကမ်းခြေ ပင်လယ်ပြင်အတွင်းသို့ ပြန်လည်လွတ်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)