ကော့သောင်း ဧပြီ ၁၃

ကော့သောင်းမြို့ ပင်လယ်ကျွန်းများသို့ အပန်းဖြေခရီးထွက်သူ မြို့ခံပြည်သူများအပြင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွားများ မိသားစုအလိုက်၊ အစုအဖွဲ့များအလိုက် အများပြည်သူ အားလပ်ရက်ဖြစ်သည့် ရုံးပိတ်ရက်ရှည် သင်္ကြန်ကာလအတွင်း လာရောက်လည်ပတ်လျက်ရှိရာ မိမိသွားရောက်လည်ပတ်ကြမည့် ပင်လယ်ကျွန်းများ၏ ခရီးသွားလုပ်ငန်းကုမ္ပဏီများ၏ ပို့ဆောင်ပေးမည့် SPEED BOAT များ၊ ခရီးသွားဧည့်သည်များဖြင့် ကော့သောင်းမြို့ ဆိပ်ကမ်းဘောတံတားတွင် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုကာလတစ်လျှောက် ကော့သောင်းမြို့၏ ပင်လယ်အပန်းဖြေ ခရီးသွားလုပ်ငန်းကဏ္ဍ ရပ်ဆိုင်းခဲ့ရပြီး ယခုအချိန်ကာလအတွင်း နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု စည်းကမ်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုပြီးချိန် ပိတ်ရက်ရှည် သင်္ကြန်ကာလအတွင်း မြို့ခံခရီးသွားများအပြင် ပြည်တွင်းခရီးသွားဧည့်သည်များ အပန်းဖြေအနားယူရန် လာရောက်လည်ပတ်ကြခြင်းဖြစ်ကြောင်း၊ လည်ပတ်ကြရာတွင် နေ့ခြင်းပြန်ခရီးစဉ်များနှင့် ကျွန်းများပေါ်ရှိ ရီဆော့များတွင် ညအိပ်ရပ်နား လည်ပတ်ကြသည့် ခရီးစဉ်များလည်းရှိကြောင်း၊ အထူးသဖြင့် သင်္ကြန်ပိတ်ရက်ကာလအတွင်း ကျွန်းများသို့ နေ့ခြင်းပြန် ခရီးစဉ်အဖြစ် လည်ပတ်ကြသူများပြားကြောင်း ခရီးသွားလုပ်ငန်းကုမ္ပဏီများမှတစ်ဆင့် သိရသည်။

ကော့သောင်းဒေသ၏ အပန်းဖြေ ပင်လယ်ခရီးထွက်လည်ပတ်ကြရာတွင် ခရီးသွားများ အထူးနှစ်ခြိုက်ကြသည့် သာယာလှပတင့်မော့ဖွယ် ကမ်းခြေ သဲသောင်များ၊ အပန်းဖြေအနားယူရန် နေရာများရှိရာ အက်ဒမန်ပင်လယ်အတွင်းရှိ ညောင်ဦးဖီးကျွန်း၊ စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ ကြက်မောက်ကျွန်း(အသဲပုံကျွန်း)၊ ဇာဒက်ကြီးကျွန်း၊ ခရင်းခွကျွန်းနှင့် ပါရာဒိုက်များသို့ အများဆုံးလာရောက် လည်ပတ်ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)