ကော့သောင်း  ၁၄  ဇူလိုင်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်မှုကာလအတွင်း ယာယီပိတ်ထားခဲ့ကြသည့် ဟိုတယ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး  ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက လိုက်လံ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

စစ်ဆေးမှုတွင်  ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရန် သတင်းပေးပို့လာသည့် ဟိုတယ်များအား  ကော့သောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းထားသည့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သော ဌာနဆိုင်ရာပူးပေါင်း စစ်ဆေးရေးအဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိမှု ရှိ/မရှိကို လိုက်လံစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကော့သောင်းမြို့နယ်အတွင်း မြို့ပေါ်ဟိုတယ်(၅)လုံး၊ ပင်လယ်ကျွန်းများပေါ်တွင် အပန်းဖြေ Resort ဟိုတယ်(၇)လုံးရှိကာ မြို့ပေါ်ဟိုတယ်နှင့်တည်းခိုခန်း အများစုသည် ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်တည်းခိုမှု ဈေးကွက်ဖြင့် လုပ်ကိုင်ကြခြင်းဖြစ်သည်။

 

ပင်လယ်ကျွန်းများရှိ အပန်းဖြေဟိုတယ်နှင့် Resort များမှာ ပြည်ပနိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ တစ်ဆင့်လာရောက် လည်ပတ်ကြသည့်ခရီးသွား ဧည့်သည်များ၏ ဈေးကွက်ကို အဓိကထားလုပ်ကိုင်ကြခြင်းဖြစ်ရာ အိမ်နီးခြင်း ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှု လုပ်ငန်းများကြောင့် ပြည်ပခရီးသွားဧည့်သည်များ လာရောက် လည်ပတ်တည်းခိုမှု မရှိသေးသည့်အပြင် မိုးတွင်းလှိုင်း လေထန်သည့်ရာသီကာလ ဖြစ်သဖြင့် ဟိုတယ်လုပ်ငန်းများ ယခင်ကာလများကကဲ့သို့ ပုံမှန်လည်ပတ်မှု မရှိသေးကြောင်း လည်းသိရသည်။

 

ကျော်စိုး (ကော့သောင်း)