ကော့သောင်း ၃၀ သြဂုတ်
ကော့သောင်းခရိုင်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးလုပ်ငန်းများ သတိပြုကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညပိုင်းက ရေလမ်းခရီးဖြင့် ပြည်ပမှ ကော့သောင်းမြို့သို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများအား ရှာဖွေဖော်ထုတ်ကာ အသွားအလာ ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများမှာ ကော့သောင်းဒေသခံ မြန်မာနိုင်ငံသားများဖြစ်ကြပြီး မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းများကြောင့် အလုပ်အကိုင် အခက်အခဲများ ပေါ်ပေါက်လာသဖြင့် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ငါးသယ်ပဲ့ချိတ်လှေကြုံတစ်စီးဖြင့် ကော့သောင်းမြိုသို့ ညအချိန် တိတ်တဆိတ် ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ရပ်ကွက်တာဝန်ရှိ အဖွဲ့အစည်းများဖြင့် ရှာဖွေဖော်ထုတ်ကာ အချိန်မီ တားဆီးထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား (၅)ဦးနှင့် ငါးလှေလုပ်သား အမျိုးသား (၁၁)ဦးတို့အား ကော့သောင်းခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ မဉ္ဇူသကခန်းမ၌တွင် Facility Quarantine (၂၁)ရက်ထားရှိ စောင့်ကြည့်ကာ ၎င်းတို့၏ Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီး ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


