ကော့သောင်း  ၄  သြဂုတ်

 

ကော့သောင်းမြို့တွင် သြဂုတ် ၃ ရက်  ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ် သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ်ရပ်ကွက်တချို့နှင့် ကျေးရွာတချို့ရှိ လူနေအိမ်ချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါနေ့က မိုးသည်းထန်ကာ လေပြင်းများ တိုက်ခတ်သဖြင့် ကော့သောင်းမြို့၊ ရွှေဟင်္သာ ရပ်ကွက်  ရွာမလမ်းတွင် လမ်းပေါ်သို့သစ်ပင်ကြီးတစ်ပင်အမြစ်မှ ကျွတ်ထွက်ပြိုလဲကာ လမ်းတစ်ဖက်ခြမ်းရှိ နေအိမ်တစ်ဆောင်၏ အရှေ့ပိုင်းအားပိမိ၍ နေအိမ်ရှေ့ပိုင်းပျက်စီးခဲ့ရသည်။

 

အလားတူ ပုလုံးတုံးတုံးကျေးရွာ၊ ရွာလယ်ပိုင်းရှိ မန်းကျည်းပင်ကြီးတစ်ပင် တိုက်ခံအိမ်တစ်ဆောင်၏ အလယ်ပိုင်းသို့ ပြိုလဲပိကျရာ နေအိမ်အမိုးနှင့် နံရံများ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး အမိုးအုပ်ကျွတ်ပြားများဖြင့် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြခြင်း ဖြစ်သည်။

 

အဆိုပါ ဖြစ်စဉ်များဖြစ်ပွားရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ ဝင်များ ပူးပေါင်းကာ အပျက်အစီးများအား ရှင်းလင်းကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောလျင်စွာ ဆောင်ရွက်ပေးခဲ့ကြပြီး  ကော့သောင်းခရိုင် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီ၏ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်  အိမ်ထောင်စုများကို ထောက်ပံ့ကူညီမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

           

ကျော်စိုး (ကော့သောင်း)