ကော့သောင်း ၂၁ အောက်တိုဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင် များ အား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ ၊ အထက(၁) ကျောင်း ၊ မြတ်ရတနာခန်းမတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကော့သောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ၊ ရွေးကောက်ပွဲ အရာရှိဦးဟိန်းဇော်မြင့်က သင်တန်းပိုချ ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းအား လာမည့်ရွေးကောက်ပွဲကာလအတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင် များအား သင်တန်းနည်းပြ များအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲ နည်းဥပဒေဆိုင်ရာများ၊ မဲရုံကြိုတင်ပြင်ဆင်ခြင်း၊ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများမှ စာရွက်စာတမ်း၊ ဆက်စပ်ပစ္စည်းများ လွှဲပြောင်း လက်ခံခြင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲစာရင်း စစ်ဆေးသူများ၏ လုပ်ငန်းတာဝန်များ၊ မဲလက်မှတ်ထုတ်ပေးသူ၊ လုံခြုံရေးနှင့်မင်တို့သူတို့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုံစံ(၁၆)လက်တွေ့လေ့ကျင့်ဆောင်ရွက်ခြင်း နှင့် မဲရုံမဖွင့်မီ၊ မဲရုံဖွင့်ချိန်မှ ပိတ်သိမ်းချိန်ထိ မဲရေတွက်ထုပ်ပိုးခြင်းနှင့် စနစ်တကျအပ်နှံခြင်းဆိုင်ရာ မဲရုံလုပ်ငန်းစဉ်များအား စာတွေ့လက်တွေ့ သရုပ်ပြသင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ကော့သောင်းမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများအပါဝင် မဲဆန္ဒရှင်ဦးရေ (၁၀ဝ၂၀၁)ဦး ရှိပြီး အထွေထွေ ရွေးကောက်ပွဲအား မဲရုံပေါင်း (၇၅)ရုံ ဖြင့် လာမည့်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည် ဖြစ်ရာ အဆိုပါမဲရုံများတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး နှင့်မဲရုံအဖွဲ့ဝင် (၁၂၉၂)ဦး ရှိကာ ယခုသင်တန်းတွင် မဲရုံမှူး နှင့်ဒုတိယမဲရုံမှူး(၁၅၀)ဦးအား အား ကိုဗစ်-၁၉ရောထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ သင်တန်းချိန်တစ်နေ့လျှင် (၃၀) နှုန်းဖြင့် (၅)ကြိမ်ပို့ချပေးသွားမည်ဖြစ် ပြီး သင်တန်းပြီးမြောက်သည့်မဲရုံမှူး နှင့်ဒုတိယမဲရုံမှူးများက မိမိတို့တာဝန်ကျရာနယ်မြေအလိုက် မဲရုံအဖွဲ့ဝင်များအား ထပ်မံဆင့်ပွား ပို့ချပေးကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


