ကော့သောင်း  ၁၃ ဇူလိုင်  

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း ငလျင်ဘေးနှင့်မီးဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၁၃ရက် နံနက်(၈)နာရီက  ကော့သောင်းမြို့ ၊ မဉ္ဇူသက ခန်းမရှေ့ ကျောက်တိုင်ကွင်းတွင် သဘာဝဘေးအန္တရာယ် မြေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှု၊ ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ပူးပေါင်းအဖွဲ့ များဖြစ်သည့် ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာ တင်ယာဉ်များ ဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် ငလျင်ဘေးဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ သတင်းအချက် အလက်များ ရယူပေးပို့ခြင်း၊ ကြိုတင်ပြင်ဆင်ရန်လိုအပ်ချက်များ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန် နည်းလမ်းများ၊ ရှောင်ရှားသင့်သည့် အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်နှင့် ရှောင်ရှားရန်အချက်များ၊  ပျက်စီးပြိုကျ နေသည့် အအောက်အဦအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အထပ်မြင့်အဆောက်အဦများ ပေါ်မှ အန္တရာယ်ကင်းရှင်းစွာ အရေးပေါ်ကယ်ဆယ်ခြင်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းခြင်း၊ ရှေးဦးပြုစုခြင်း၊ ဆေးရုံသို့ပို့ဆောင်ခြင်းစသည့် မြေပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)

 

14