ကော့သောင်း၊ သြဂုတ် ၂၉
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြစ်သည့် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကာကွယ်တားဆီးရေးအဖွဲ့မှ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက ကော့သောင်းမြို့၊ လေဟာပြင်ဈေးအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း အေးခဲအသား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး၍ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့အနေဖြင့် ထိုင်းနယ်စပ်ဖြစ်သည်အားလျော်စွာ မြို့နေပြည်သူများ စားသုံးမှုအတွက် တစ်ဖက်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ နေ့စဉ်တင်သွင်းရောင်းချလျက်ရှိရာ ဒေသပြည်သူများ ဘေးဥပါတ်အန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် ပြည်ပမှ သယ်ယူရောင်းချခြင်းအား တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ တရားမဝင်ရောင်းချမှုမရှိစေရေး၊ ကူးစက်ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် တင်သွင်းသည့် ကူးတို့ဆိပ်နှင့် ဈေးအတွင်း အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချသူများအား ဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပေးရှင်းလင်းပညာပေးခြင်း၊ ပညာပေးလက်ကမ်း စာစောင်များဝေငှခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး ပညာပေးမှုလုပ်ငန်းများကို လစဉ် အပတ်စဉ် မြို့ပေါ်ရပ်ကွက် ဈေးများအတွင်း အလှည့်ကျ ပူးပေါင်းအဖွဲ့ဖြင့် ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ကာကွယ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ကျော်စိုး (ကော့သောင်း)