ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁၂၀၆)ဧကရှိသော နယ်မြေကို “ကေလာသတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ ရက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝဝန်းကျင်နှင့် ဇီးဝမျိုးစုံမျိုးကွဲပေါကြွယ်ဝမှုကို ထိန်းသိမ်းရန်၊ တားမြစ်သစ်ပင်များနှင့် အခြားသစ်မျိုးများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိမ့်စမ်းရေထွက်များအား ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။

 

ကေလာသတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် တန်ဖိုးရှိသစ်မျိုးများဖြစ်သည့် အင်ကြင်း၊ ပျဉ်းကတိုး၊ ထောက်ကြံ့၊ ပိတောက်၊ တမလန်းပင်များနှင့် အခြားဒေသမျိုးရင်း သစ်မျိုးများဖြစ်သည့် ယမနေ၊ ဒဟတ်၊ မျောက်ချော၊ သပြေ စသည့်တို့အား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ရှားပါးမျိုးစိတ်ဖြစ်သော မျောက်ညိုနှင့် နေထိုင်ကျက်စားလျက်ရှိသော ဂျီ၊ ဆတ်၊ ဝက်၊ မျောက်နီ၊ တောကြောင်၊ တောကြက်၊ ဒေါင်းနှင့် ငှက်အမျိုးမျိုး စသည့် တောရိုင်းတိရစ္ဆာန် များအားထိန်းသိမ်းနိုင်ခြင်း၊ အဆိုပါတိရစ္ဆာန်များ၏ နေရင်းဒေသများ တိုးပွားလာမည်ဖြစ်ခြင်းနှင့် မြို့ကြီးတောရကျောင်းရှိ သာသနာပြုရဟန်း/ သံဃာများနှင့် မြို့ကြီးကျေးရွာသူ/ ကျေးရွာသားများအတွက် အသုံးပြုသည့် ရေထွက်ဧရိယာအား ထာဝစဉ်တည်တံ့စေရန် ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။