ထန်းတပင် ၂၈ ဇူလိုင်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကာ ဖွင့်လှစ်ခဲ့သည့် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာအဆင့် ဆင့်ပွားသင်တန်းကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက လမုတန်းကြီး ကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

 

1

 

သင်တန်းဖွင့်ပွဲတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်ခင်ဌေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်နွဲ့နွဲ့နှင့် မြို့နယ်အခြေခံပညာဦးစီးဌာန လက်ထောက် မြို့နယ်ပညာရေးမှူး ဦးသာကျော်တို့က အမျိုးသမီးများဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသည့် အမျိုးသမီးဆယ်အိမ်စုမှူး သင်တန်းသူ (၃၀)ဦးတို့ကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးဝင်းတို့က တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။ ဆင့်ပွားသင်တန်းကို ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်မြောက် သင်တန်းကို တက်သစ်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါ သင်တန်းကို ကျေးလက်နေ အမျိုးသမီးများမှတစ်ဆင့် ၎င်းတို့၏မိသားစုဝင်များအားလုံး လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ကဏ္ဍကြီး (၅)ရပ်ဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ကူးစက်ရောဂါ ကာကွယ်ရေး၊ အာဟာရ၊ ပညာရေးနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးအကြောင်းအရာများကို (၂)ရက်ကြာ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဇင်မင်းထိုက်(ထန်းတပင်)