မကွေး ၂၃ ဇူလိုင်
မကွေးတိုင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA (Japan International Cooperation Agency) ၏ ကျန်းမာရေးဆိုင်ရာစံပြဒေသတစ်ခုအဖြစ် လုပ်ဆောင်လိုသည့်အတွက် ကျေးလက်ဒေသကျန်းမာရေး အဆင့်မြှင့်တင်မှု(၅)နှစ်စီမံကိန်းကို တိုင်းဒေသကြီးအတွင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း စီမံကိန်းခေါင်းဆောင် Ms. Ryoko Nishida ထံမှ သိရသည်။
စီမံကိန်းကို အပိုင်း(၂)ပိုင်းခွဲ၍ လုပ်ဆောင်မည်ဖြစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများကို ဝန်ဆောင်ကဏ္ဍ ပိုမို အားကောင်းလာစေရန် မြှင့်တင်ပေးမည့်အပိုင်း၊ ဝန်ဆောင်မှုတွေပေးသည့်အခါ ကျေးရွာလူထုဘက်က မည်သို့ပူးပေါင်း ဆောင်ရွက်နိုင်မည်ဆိုသည့်အပေါ် စီမံဆောင်ရွက်သည့် အပိုင်းများ ပါဝင်သည်။
“မိခင်တိုင်း မိခင်တိုင်းက ကျွမ်းကျင်မှုနဲ့မွေးဖွားရတဲ့ နှုန်းတွေမြင့်တက်လာဖို့၊ အရပ်ထဲမှာ အရပ်လက်သည်နဲ့ မွေးတာတွေ လျော့ကျပြီးတော့ ကျွမ်းကျင်တဲ့သူတွေနဲ့ ကောင်းမွန်တဲ့၊ ပြည့်စုံတဲ့ ဆေးရုံဆေးခန်းတွေမှာမွေးဖွားတာ ပိုပြီး တိုး တက်လာဖို့၊ မွေးကင်းစကလေး ကျန်းမာရေးစောင့်ရှောက်မှု ပိုကောင်းလာဖို့ ရည်ရွယ်တယ်။ မကူးစက်နိုင်တဲ့ရောဂါတွေ သွေးတိုးရောဂါ၊ ဆီးချိုရောဂါသည်တွေကို ရှာဖွေဖော်ထုတ်ပြီးတော့ ကုသပေးမယ့် အစီအစဉ်တွေလည်း ပါတယ်” ဟု မကွေး တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
ငါးနှစ်စီမံကိန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင်စတင်ခဲ့ကာ မြို့နယ်များရှိ ကျန်းမာရေးဝန်ထမ်းဦးရေ၊ ဝန်ထမ်းတို့၏ သင်ယူထားသည့်သင်တန်းများ၊ ဝန်ဆောင်မှုပေးနေသည့် အခြေအနေများ၊ အသုံးပြုနေသည့်ပစ္စည်းများဆိုင်ရာ အခြေခံ အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မကွေးခရိုင်မှ မကွေး၊ ရေနံချောင်း၊ ချောက်၊ တောင်တွင်း၊ နတ်မောက်၊ မြို့သစ်စသည့် မြို့နယ်(၆)ခု၊ မင်းဘူးခရိုင်မှ မင်းဘူးနှင့် ပွင့်ဖြူမြို့နယ်(၂)ခု၊ စုစုပေါင်း မြို့နယ်(၈)ခုတွင် စီမံကိန်းလုပ်ဆောင်မည်ဖြစ်ကာ စီမံကိန်းလက်စွဲစာအုပ်များလည်း စီစဉ်နေကြောင်း ဒေါက်တာ ဒေါ်ဥမ္မာအေး က ရှင်းပြသည်။
“ကျေးလက်ဒေသတွေမှာနေတဲ့ ၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဒီလိုပရောဂျက်တွေကနေ အကျိုးခံစားခွင့်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုပြီးလက်လှမ်းမီလာမယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး နေရာတိုင်းမှာရှိတဲ့ ကလေးတိုင်းဟာ လက်လှမ်းမီလာကြမယ်” ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက မှတ်ချက်ပြုသည်။
မကွေးတိုင်းဒေသကြီးမှာ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံးတွင် ငါးနှစ်အောက်ကလေးသေဆုံးမှုအများဆုံး(ကလေးတစ်ထောင်လျင် ၁၀၈ ဦးသေဆုံး) မှတ်တမ်းဝင်ထားပြီး ၂၀၁၈ ခုနှစ် ကျန်းမာရေး မှတ်တမ်းများအရ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှင့် သေဆုံးမှု ဒုတိယအများဆုံး တိုင်းဒေသကြီးဖြစ်သည်။
ဇေယျတု(မကွေး)


