နေပြည်တော် မတ် ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ထိုင်းနိုင်ငံ၊ လူထု ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်မည့် ကျေးလက်ဒေသ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်း ကျောင်းမြှင့်တင်ရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ရိုးကြီးကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးက စီမံကိန်းဆိုင်ရာ အကြောင်းအရာ အကျဉ်းချုပ်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ကျေးရွာသူ ကျေးရွာသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ ကျေးလက်ဒေသ အခြေခံအိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်းကို ထိုင်းနိုင်ငံ၊ လူထုဖွံ့ဖြိုးရေးဦးစီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ ထောက်ပံ့သည့် အမေရိကန် ဒေါ်လာ(၁၀၀၀၀)ဖြင့် ကျေးရွာတစ်ရွာရွေးချယ်၍ အဆိုပါကျေးရွာရှိ အခြေခံအိမ်ထောင်စုများအား စီမံကိန်း သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့် တင်ခြင်းလုပ်ငန်းများကို စီမံကိန်းကာလ(၃)လကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
(သတင်းစဉ်)