နေပြည်တော် ဇန်နဝါရီ ၁၆
ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ မြင့်မားလာမည်ဖြစ်သကဲ့သို့ ဒေသဆိုင်ရာရင်းနှီး မြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ အိုးဘိုအုပ်စု၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါတံတား ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်းရှိ ထွက်ကုန်သီးနှံ ကုန်ပစ္စည်းများ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်မည်ဖြစ်ကာ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တံတားရေရှည် တည်တံ့ခိုင်မြဲစေရေး ဒေသခံပြည်သူများ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါတံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ဘုရားဖြူချောင်းကူး ကွန်ကရစ်တံတားသည် အရှည်ပေ (၂၈၀)၊ အကျယ် ပေ (၂၀) သံကူကွန်ကရစ် တံတားဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ မယင်းငယ်ရွာ၊ တောင်သူ ဦးစိုးသန့်ခိုင်၏ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထောက်ပံ့မှုဖြင့် သီးထွက်သီးနှံ နေကြာသီးညှပ် စိုက်ပျိုးအောင်မြင်နေမှုကိုလည်းကောင်း၊ မင်းလှမြို့နယ်၊ ပန်းဇံမြောင်း၊ မုက္ခာချောင်းဟောင်းနှင့် ချောင်းသစ်ထိပ်ရေတံခါးများ တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


