နေပြည်တော် ဇွန် ၁၀
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူပူးပေါင်းပါဝင်သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း၊ ပြည်သူကိုယ်တိုင်စီမံခန့်ခွဲသော စီမံကိန်းများ ဖြစ်စေရေး စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် UNICEF(ယူနီဆက်ဖ်)မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Yasumasa Kimura အား ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး “ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်” ကို ပူးပေါင်း ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


