မြိတ် ဧပြီ ၁၈

 

၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား အကျိုးပြုမည် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၁၂၆)ရွာ၌ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့ပြနှင့်ကျေးလက်အကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရန် ရည်ရွယ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကုန်ထုတ်လမ်း၊ တံတား၊ ရေရရှိရေးလုပ်ငန်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အရင်းမပျောက်မတည် ရန်ပုံငွေ ထူထောင်ပေးသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများအား နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“ယခု ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်မှာ ကုန်ထုတ်လမ်း (၅)လမ်း၊ (၅)မိုင် (၅ ဒသမ ၅၉) ဖာလုံ၊ ယင်းလမ်းများပေါ်ရှိ တံတား(၁၃)စင်း၊ ရေပေးရေးလုပ်ငန်းပေါင်း (၃၇)ခု၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၄)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (၇၂)ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သက်မွေးသင်တန်း (၁၀)ကြိမ် ဆောင်ရွက်ပေးမှာဖြစ်ပြီး ရန်ပုံငွေ ကျပ် ၁၉၇၇ ဒသမ ၅၈၅ သန်း ကုန်ကျမှာဖြစ်ပါတယ်” ဟု ယခုဘဏ္ဍာရေးနှစ်အတွင်း မြိတ်ခရိုင်အတွင်း ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

 

မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးလက်လမ်း (၁၀၁)လမ်း၊ (၂၃၁)မိုင် (၂ ဒသမ ၂၅၁) ဖာလုံ၊ ကျေးလက်တံတား (၇၇)စင်း၊ (၃၁၃၉)ပေ၊ ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ကုန်ထုတ်လမ်း (၁၉)လမ်း၊ (၁၈)မိုင် (၃ ဒသမ ၃၈) ဖာလုံ၊ ကျေးလက်ကုန်ထုတ်တံတား (၃၉)စင်း၊ (၂၂၈)ပေ၊ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေးလုပ်ငန်း (၃၅၉)ခု၊ တစ်အိမ်သုံးဆိုလာ မီးလင်းရေးကို ကျေးရွာပေါင်း (၃ဝ၈)ရွာ၊ အသေးစားဓာတ်အားပေးရေး စီမံကိန်းကို ကျေးရွာ (၂၅)ရွာ၊ မြစိမ်းရောင် စီမံကိန်းကျေးရွာ (၇၇)ရွာ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) (၁၆)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ (၁၅၃)ရွာ၊ Cash For Work စီမံကိန်းကျေးရွာ (၄၄)ရွာ ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးထံမှ သိရသည်။

 

မြင့်ဦး(မြိတ်)