စလင်း ဇူလိုင် ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး အရှေ့ကန်ဘောင်ကျေးရွာအုပ်စု၊ အရှေ့ကန်ဘောင်ကျေးရွာ၌ ကျေးလက်နေတောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းဆင်းပွဲကို ဇူလိုင် ၉ ရက် မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က စလင်းမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သော မြို့နယ်ဖြစ်၍ ဒေသခံတောင်သူများ မြေမှန်၊ မျိုးမှန်၊ နည်းစနစ်မှန်မှန်ဖြင့် စိုက်ပျိုး၊ မွေးမြူနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အကျိုးအမြတ်ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းသား သင်တန်းသူ ၂၅ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ ဒေသခံတောင်သူများအတွက် လက်တွေ့ကျကျ အသုံးချနိုင်သည့် သင်တန်းအား ရွေးချယ်ဖွင့်လှစ်ပေးသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာ ပြုလုပ်နည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနည်းတို့ကို စာတွေ့လက်တွေ့ဖြင့် ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ၅ ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး