စစ်ကိုင်း ၁၂ မေ
စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် မေ ၁၀ ရက် မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စကျင်ကျေးရွာ၊ ရေခါးကျေးရွာနှင့် တလိုင်းကျေးရွာများသို့ နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးအောင်အောင်ထွေးက မွန်းလွဲ(၁)နာရီတွင် စကျင်ကျေးရွာဗုဗ္ဗာရုံ ဘုန်းတော်ကြီးကျောင်း အတိသီတလ ဓမ္မာရုံ၌ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဉာဏ်ဝင်းနှင့် ကျေးရွာ ရပ်မိ၊ ရပ်ဖများနှင့် စာကြည့်တိုက်ကော်မတီတို့အား တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက် ရေရှည်ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာများတိုးပွားကာ မိမိရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်းစားချင့်ချိန်တတ်မည့် ဗဟုသုတများ ရရှိနိုင်ကြောင်း၊ မိမိတို့ဌာနမှလည်း ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နယ်လှည့် မိုလ်ဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် မြို့နယ်အတွင်း ကားအဝင်အထွက်ကောင်းသည့် ကျေးရွာများရှိပြည်သူများ လက်ဝယ်အရောက် သုတ၊ ရသနှင့် စာအုပ်မျိုးစုံ အခမဲ့ ငှားပေးနေပါကြောင်း၊ ယခုလာရောက်ခြင်းမှာလည်း ကျေးရွာသို့ မိုလ်ဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များ လာရောက်ငှားပေးရန်အတွက် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးအရာရှိနှင့် အဖွဲ့သည် ရေခါးကျေးရွာသို့ သွားရောက်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ညီနှင့် စာကြည့်တိုက်ကော်မတီဝင်များကို ကျေးရွာစာကြည့်တိုက်တွင် လည်းကောင်း၊ ဆက်လက်၍ တလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်တင်နှင့် စာကြည့်တိုက်ကော်မတီတို့အား တွေ့ဆုံပြီး ဆောက်လုပ်ဆဲ ကျေးရွာစာကြည့်တိုက်အား သွားရောက်ကြည့်ရှုခဲ့ကြကာ ကျေးရွာအုပ်ချုပ်ရေးမှူးအား စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဝင်း (စစ်ကိုင်း)