ဂန့်ဂေါ  ၁၀  မေ 

 

ဂန့်ဂေါမြို့နယ် ရှုံးရှီကျေးရွာ၏ လူမှုရေးအသင်းအဖွဲ့တစ်ခုဖြစ်သည့် အလိုက်သိ လူငယ်များအဖွဲ့က ကျေးရွာရှိ လူနေအိမ်ဝိုင်းများ၊ ရွာဝင်လမ်းနှင့် ကျေးရွာနှင့်အနီးပတ်ဝန်းကျင်နေရာများတွင် ၂၀၁၉ ခုနှစ် မိုးရာသီ၌ အရိပ်ရသစ်ပင်များ စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

“ ကျွန်တော်တို့အဖွဲ့က မေ ၉ ရက် ည ၇ နာရီအချိန် ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်ဝိုင်းမှာ စိမ်းလန်းစိုပြေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်၊ စိတ်ပါဝင်စားသူ ၂၀ဝ ကျော်တက်ရောက်ကြပါတယ်၊ သစ်ပင်စိုက်ပျိုးဖို့ စနေ နေ့တိုင်းဆောင်ရွက်ကြမှာပါ၊ မေ ၁၁ ရက် စနေနေ့မှာ ကျေးရွာမှာရှိတဲ့ အိမ်ဝိုင်းတစ်ခုမှာ သစ်ပင်စိုက်ဖို့ မြေကျင်း တစ်ကျင်းတူးပြီးမြေပြင်ပါမယ်၊ နောက်အပတ် စနေနေ့တွေမှာ ရွာဝင်လမ်း၊ ကျေးရွာနဲ့ အနီးပတ်ဝန်း ကျင်နေရာများမှာ မြေကျင်းတူးခြင်း၊ မြေပြင်ခြင်း ပြုလုပ်ပါမယ်၊ မိုးမှန်မှန်ရွာတဲ့ လ မှာ သစ်ပင်များစိုက်ပျိုးပါ မယ်၊ “ ဟု အလိုက်သိလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

 

အဆိုပါ လူငယ်များအဖွဲ့က နွေရာသီတွင် စိမ်းလန်းစိုပြေမည့် ပိတောက်၊ ငုရွှေဝါ၊ သရက်၊ မဟော်ဂနီ၊ ခရေ စသည့် သစ်ပင်များကို စိုက်ပျိုးကြမည်ဖြစ်ကြောင်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ နည်းပညာများရယူ သွား မည်ဖြစ်ကြောင်း သိရသည်။

 

စိန်ကျော်