ကျောက်တံခါး ၃၁ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်း၊ ကြာအင်းကုန်း၊ အောင်မြင်ကုန်း၊ သာယာကုန်းနှင့် ကညွှတ်ကွင်းမြို့သို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်ချောင်းရိုးကူး သစ်သားတံတား ကျိုးကျပျက်စီးခဲ့ရာ သြဂုတ် ၃၁ ရက်က ဒေသခံပြည်သူများစုပေါင်းပြီး ကိုယ့်အားကိုယ်ကိုး အရေးပေါ်ယာယီသစ်သားတံတားတစ်စင်း တည်ဆောက်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ကြာအင်းကုန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကြာအင်းကုန်း၊ ရွာသစ်ကုန်း၊ အောင်မြင်ကုန်း၊ သာယာကုန်းနဲ့ ကညွှတ်ကွင်းမြို့ကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်သစ်သားတံတားက မနေ့ကကျိုးကျခဲ့တာကြောင့် ကျေးရွာနေပြည်သူများနဲ့ ကျောင်းသားကျောင်းသူတွေ သွားလာမှု အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ တံတားကျိုးကျချိန်မှာ လူသွားလာမှုမရှိတဲ့အချိန်ဖြစ်လို့ ထိခိုက်ဒဏ်ရာမရရှိပေမယ့် ခုအချိန်က ချောင်းရိုးကရေစီးသန်ပြီး အန္တရာယ်ရှိတဲ့အတွက် ကျောင်းသားကျောင်းသူတွေကို ဒီတံတားမှာလာရောက်တွဲခေါ်ပြီး စက်ဘီးဆိုင်ကယ်တွေကိုလည်း တစ်ဖက်ကမ်းရောက်အောင် ဝိုင်းဝန်းကူညီမှုတွေ စောင့်ကြိုလုပ်ခဲ့ရပါတယ်။ ဒီလိုသွားလာမှု အခက်အခဲတွေ တွေ့ကြုံနေရလို့ အလှူရှင်များနဲ့ ကျေးရွာနေပြည်သူများ စုပေါင်းပြီး အရေးပေါ်သစ်သားတံတားတစ်စင်း အရှည် ၂၀ ပေ၊ အကျယ် ၁၀ ပေ ကို ကညွှတ်ကွင်းမြို့က ကိုနေဝင်းနဲ့ ကိုတင်ထွန်းဦးတို့က ဦးဆောင်ပြီး ဆောင်ရွက်ခဲ့ပါတယ်” ဟုဒေသခံပြည်သူတစ်ဦးက ပြောသည်။
ခင်ကို(ကျောက်တံခါး)


