ဆိပ်ဖြူ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ခြောက်လတာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(VDP)လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် လက်ဆည်ကျေးရွာအုပ်စု၊ လက်ဆည်ကျေးရွာ၌ အရှည် ၆၀၀ပေ၊ အကျယ် ၁၂ပေ၊ ထုခြောက်လက်မအတိုင်းအတာရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ အရှေ့ကံတွင်းကျေးရွာ အုပ်စု၊ ဆင်လမ်းချောင်းကျေးရွာ၌ အရှည်၄၀ပေ၊ အမြင့် ၅ပေ၆လက်မ၊ အကျယ် ၂ပေ ရှိ ကျောက်ရိုးစီ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ တဲကြီးကျေးရွာအုပ်စု၊ တဲကြီးကျေးရွာ၌ လေးလက်မခွဲ PVCပိုက်ဖြင့် အနက်၄၀၀ပေ ရှိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့်ကျေးရွာတစ်ရွာလျှင်(VDP) လုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)စီနှင့် ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေကျပ် ၇၄ သိန်းကျော်၊ ကျေးရွာနေ ပြည်သူလူထုလုပ်အားတို့ဖြင့် လုပ်ငန်းများဆောင်ရွက်ခဲ့သည့်ကျေးရွာသုံးရွာရှိအိမ်ခြေ ၅၅၃အိမ်၊ လူဦး ရေ ၃၀၀၀ ကျော်တို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ထပ်မံပြောကြားသည်။
နွဲ့ယာဉ်