မကွေး ၂၇ ဇွန် ၂၇
မကွေးမြို့နယ်အတွင်းရှိ ကြာကန်ကျေးရွာအုပ်စုမှ တဲတိုက်(၇)ခုခန့်တွင် မိုးကာလဖြစ်သော်လည်း ရေရှားမှုရှိနေ သေးသဖြင့် ရေစင်ဆောက်၊ရေပိုက်လိုင်းသွယ်၍ သောက်သုံးရေဖြန့်ဝေပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကြာကန်ကျေးရွာ ၊ ကျေးလက်မြေအဖွဲ့ မှ သိရသည်။
“ ဒီနှစ် မိုးရွာသွန်းမှုနည်းနေသေးတာကြောင့် ကြာကန်ရွာမကြီးအနေနဲ့က ရေရှားပါးမှုပြဿနာသိပ်မရှိလှပေ မယ့် တဲတိုက်တွေမှာတော့ သောက်သုံးရေရရှိဖို့ အတော်ခက်ခဲနေပါတယ်။ စမ်းတွင်းနဲ့ကန်တွေကို အမှီပြုနေကြရတာ ဖြစ် ပါတယ်။ မိုးရရှိမှုနည်းတာကြောင့် တဲတိုက်တွေနဲ့ လေး၊ငါးမိုင်ဝေးတဲ့နေရာတွေဆီ သွားပြီး ရေသယ်ယူနေရပါတယ်။ ဒီ အခက် အခဲက နှစ်စဉ်ဆိုတော့ ဖြေရှင်းဖို့ စီစဉ်နေရတာပါ ” ဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် က ပြောသည်။
မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏အစီအမံ၊ အနုပညာရှင်များ၊အလှူရှင်ပြည်သူများ၏ ပံ့ပိုးကူညီ မှုတို့ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ၊ ရေလှူခြင်းများ ရှိခဲ့ကြောင်း ၊ ရေလိုအပ်ချက်ရှိနေသေးသည့် တဲတိုက်များအတွက် ပေ(၂၀) အမြင့်ရှိ ရေစင်တည်ဆောက်ကာ ပိုက်လိုင်းသွယ်တန်းပြီး ရေပေးဝေနိုင်အောင် အလှူရှင်များ ၊ ဌာနဆိုင်ရာများနှင့်ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်မြေ အဖွဲ့ မှ သိရသည်။
“ တဲတိုက်တစ်ခုမှာ အိမ်ခြေ ၅၀ ၊ လူဦးရေ ရာနဲ့ချီပြီး နေကြတာပါ။ ရေလှူပေးနေတာတွေ ရှိပေမယ့် သူတို့ အတွက် ရက်ပိုင်းလောက်ပဲ အဆင်ပြေတာပါ။ အဝေးကြီးကို ရေသယ်သွားရတော့ လုပ်ငန်းခွင် ဖျက်ရတယ်။ အချိန်တွေ ပေးရ တယ်။ လူရောနွားပါ ပင်ပန်းကြရပါတယ်။ ကလေးတွေ ၊ ကိုယ်ဝန်ဆောင်တွေ ၊ သက်ကြီးရွယ်အိုတွေလည်း အငြိမ်မနေရဘူး။ နိုင်သလောက် သွားခပ်ရတယ် ” ဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် က ရှင်းပြသည်။
ကျေးလက်မြေအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းမှုဖြင့် စက်ရေတွင်းတူခြင်း ၊ ရေလှူခြင်းလုပ်ငန်းများကို မကွေးတိုင်းအတွင်း နှင့် ချင်းပြည်နယ်တို့တွင် ငွေကျပ်သိန်း ၇၀၀၀ ကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပြီး ယခုလုပ်ဆောင်မည့် အစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကျေးလက်မြေအဖွဲ့ ဖုန်း ၀၉-၄၅၅၂၉၄၄၄၂ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


