မကွေး  ၂၇  ဇွန် ၂၇

မကွေးမြို့နယ်အတွင်းရှိ ကြာကန်ကျေးရွာအုပ်စုမှ တဲတိုက်()ခုခန့်တွင် မိုးကာလဖြစ်သော်လည်း ရေရှားမှုရှိနေ သေးသဖြင့် ရေစင်ဆောက်၊ရေပိုက်လိုင်းသွယ်၍ သောက်သုံးရေဖြန့်ဝေပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ကြာကန်ကျေးရွာ ကျေးလက်မြေအဖွဲ့ မှ သိရသည်။

ဒီနှစ် မိုးရွာသွန်းမှုနည်းနေသေးတာကြောင့် ကြာကန်ရွာမကြီးအနေနဲ့က ရေရှားပါးမှုပြဿနာသိပ်မရှိလှပေ မယ့် တဲတိုက်တွေမှာတော့ သောက်သုံးရေရရှိဖို့ အတော်ခက်ခဲနေပါတယ်။ စမ်းတွင်းနဲ့ကန်တွေကို အမှီပြုနေကြရတာ ဖြစ် ပါတယ်။ မိုးရရှိမှုနည်းတာကြောင့် တဲတိုက်တွေနဲ့ လေး၊ငါးမိုင်ဝေးတဲ့နေရာတွေဆီ သွားပြီး ရေသယ်ယူနေရပါတယ်။ ဒီ အခက် အခဲက နှစ်စဉ်ဆိုတော့ ဖြေရှင်းဖို့ စီစဉ်နေရတာပါဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် က ပြောသည်။

မကွေးတိုင်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၏အစီအမံ၊ အနုပညာရှင်များ၊အလှူရှင်ပြည်သူများ၏ ပံ့ပိုးကူညီ မှုတို့ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေလှူခြင်းများ ရှိခဲ့ကြောင်း ရေလိုအပ်ချက်ရှိနေသေးသည့် တဲတိုက်များအတွက် ပေ(၂၀) အမြင့်ရှိ ရေစင်တည်ဆောက်ကာ ပိုက်လိုင်းသွယ်တန်းပြီး ရေပေးဝေနိုင်အောင် အလှူရှင်များ ဌာနဆိုင်ရာများနှင့်ပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်မြေ အဖွဲ့ မှ သိရသည်။

 “ တဲတိုက်တစ်ခုမှာ အိမ်ခြေ ၅၀ လူဦးရေ ရာနဲ့ချီပြီး နေကြတာပါ။ ရေလှူပေးနေတာတွေ ရှိပေမယ့် သူတို့ အတွက် ရက်ပိုင်းလောက်ပဲ အဆင်ပြေတာပါ။ အဝေးကြီးကို ရေသယ်သွားရတော့ လုပ်ငန်းခွင် ဖျက်ရတယ်။ အချိန်တွေ ပေးရ တယ်။ လူရောနွားပါ ပင်ပန်းကြရပါတယ်။ ကလေးတွေ ကိုယ်ဝန်ဆောင်တွေ သက်ကြီးရွယ်အိုတွေလည်း အငြိမ်မနေရဘူး။ နိုင်သလောက် သွားခပ်ရတယ်ဟု ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက် က ရှင်းပြသည်။

ကျေးလက်မြေအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပအလှူရှင်များ၏ လှူဒါန်းမှုဖြင့် စက်ရေတွင်းတူခြင်း ရေလှူခြင်းလုပ်ငန်းများကို မကွေးတိုင်းအတွင်း နှင့် ချင်းပြည်နယ်တို့တွင် ငွေကျပ်သိန်း ၇၀၀၀ ကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပြီး ယခုလုပ်ဆောင်မည့် အစီအစဉ်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကျေးလက်မြေအဖွဲ့ ဖုန်း ၀၉-၄၅၅၂၉၄၄၄၂ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

ဇေယျတု(မကွေး)