သာယာဝတီ ၁၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်ဘို့ရှည်ကျေးရွာအုပ်စု၊ ခေါပြင်ကွင်း ကျေးရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား နှစ်ဘီးသွားကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇူလိုင်လ စတုတ္ထပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ခေါပြင်ကွင်းကျေးရွာတွင်း နှစ်ဘီးသွား ကွန်ကရစ်လမ်း အရှည်ပေ ၂၄၂၀ အကျယ် ၃ ပေ အမြင့် ၆ လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ အင်ဂျင်နီယာများ၏ နည်းပညာအကူအညီ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဒေသခံပြည်သူများ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သာယာဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစီးအရာရှိ (နည်းပညာ) ဦးရန်ရှင်းအောင်ထံမှ သိရသည်။
အဆိုပါ ခေါပြင်ကွင်းကျေးရွာတွင်း မြေသားလမ်းအား နှစ်ဘီးသွားကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုကို သာယာဝတီမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ (နည်းပညာ) ဦးရန်ရှင်းအောင်၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်သီရိသက်ဆုလှိုင် နှင့်ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များ နှင့်အတူ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လမ်းရေရှည်တည်တံ့ ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ငြိမ်းသူ


