ပဲခူး ဇူလိုင် ၂၁
    
KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြ ပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသားကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်ဖြစ်ကြောင်း၊ ယခု ပေးအပ်သည့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များ သည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်းစာပေသင်ကြားရာတွင်များစွာအထောက်အကူ ဖြစ်စေရန်နှင့်  ကျောင်းထွက်နှုန်းလျော့ကျစေရန်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
    
ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာ လမ်းထောင့်ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေး မှူးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် KGတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများ အတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနား တွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က တိုင်းရင်းသားတို့၏စာပေနှင့် ဘာသာ စကား တို့ကိုအားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု နှင့် ချစ်ကြည် လေးစားမှုတို့ရ ရှိစေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အလေးအနက် တန်ဖိုးထားတတ်စေရန် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်စေလို ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က ကယား၊ ကရင်နှင့် အရှိုချင်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီများထံသို့လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး က ပအိုဝ့်နှင့်ဗမာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေး ရာဝန်ကြီးက မွန်နှင့်ရှမ်း တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှု ကော်မတီများထံသို့လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး က ရခိုင်တိုင်းရင်းသားများအတွက်လည်းကောင်း တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များကိုပေးအပ်ကြသည်။
        
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများဖြစ်သော ကယား၊ စကောကရင်၊ အရှိုချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ့်နှင့် ဗမာ စသည့်တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုံပြပုံပြင် စာအုပ် ပေါင်း(၁၀၃၆၄၃)အုပ် ခွဲဝေ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)