ရန်ကုန် နိုဝင်ဘာ ၁၅
ခြောက်သွေ့သောရာသီသို့ ဝင်ရောက်လာပြီဖြစ်၍ နေအိမ်တိုင်းတွင် မီးသတ်ဆေးဗူးများ ဆောင်ထားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ နှိုးဆော်ထားသည်။
“ခြောက်သွေ့တဲ့ရာသီကိုဝင်ရောက်ချိန်မှာ အိမ်တိုင်းမှာ မီးသတ်ဆေးဗူးထားရှိခြင်းက မီးလောင်မှုဖြစ်စဉ်ကို လျော့နည်းကျဆင်းစေပါတယ်။ မီးလောင်မှုဆိုတာ မီးတောက်ငယ်က စတင်တာဖြစ်တဲ့အတွက် လက်တစ်ကမ်းမှာ မီးသတ်ဆေးဗူးရှိပြီး အချိန်မီငြိမ်း သတ်နိုင်မယ်ဆိုရင် ဆုံးရှုံးမှုတွေကျဆင်းသွားမှာပါ။ ဒါကြောင့် ပူးပေါင်း ဆောင်ရွက်တဲ့အနေနဲ့ မီးသတ်ဆေးဗူးဆောင်ထားဖို့ ပြည်သူလူထုကို မေတ္တာရပ်ခံ လိုပါတယ်” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောသည်။
အထူးသဖြင့် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် ခေတ်မီဖွံ့ဖြိုးလာမှုနှင့်အတူ အဆောက်အဦများ များပြားလာလျက်ရှိရာ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ် တပ်ဖွဲ့အနေဖြင့် မီးလောင်မှုနေရာသို့ဝင်ရောက်ရာ၌ လမ်းမအပေါ် ကျူးကျော်မှုများ၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကို ဦးစွာရှင်းလင်းနေရ၍ မလိုအပ် သောဆုံးရှုံးမှုများကို ရင်ဆိုင်ရလျက်ရှိသည်။
“မြို့ပြနေထိုင်မှုထူထပ်လာတာနဲ့အမျှ မီးသတ်ယာဉ်ဝင်ရောက်တဲ့ လမ်းကြောင်းတွေက ကျဉ်းမြောင်းလာတယ်။ မီးသတ်ဖို့အတွက် ရေမရတဲ့နေရာတွေလည်းရှိပါတယ်။ ဓာတုဗေဒဆိုင်ရာမီးလောင်မှုတွေ၊ အထပ်မြင့်အဆောက်အဦနဲ့ မော်တော်ယာဉ် မီးလောင် မှုတွေမှာ စိန်ခေါ်မှုတွေရှိတတ်ပါတယ်။ ဘယ်လိုအခက်အခဲပဲရှိရှိ ဖြတ်ကျော်နိုင်ဖို့ မီးသတ်တပ်ဖွဲ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့ လေ့ကျင့်မှုပိုင်းဆိုင်ရာမြင့်မားရေး အစဉ် မပြတ် ဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက တည်ဆောက်ထားသည့် အထပ်မြင့် အဆောက် အဦတို့တွင် ပြည်သူများနေထိုင်လျက်ရှိပြီး မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ရန် ခက်ခဲခြင်း၊ ထွက်ပြေးလွတ်မြောက်ရန် မလွယ်ကူခြင်းနှင့် လေးထပ်အထိသာ မီးသတ်လှေကားယာဉ်ဖြင့် ကယ်ဆယ်နိုင်ခြင်းတို့ကြောင့် အထပ်မြင့်တွင်နေထိုင်သော ပြည်သူများအနေဖြင့် အရေးပေါ်လှေကားထားရှိခြင်း၊ လေဝင်လေထွက်စနစ် ထားရှိခြင်း၊ မီးသတ်ယာဉ်ဝင်ရောက်နိုင်ရန် လမ်းကြောင်းထားရှိခြင်း၊ မီးသတ်ပိုက်ဖြင့် ငြိမ်းသတ်နိုင် သောစနစ်ထားရှိခြင်းတို့နှင့်အတူ မီးသတ်ဆေးဗူးဆောင်ထားခြင်းဖြင့် မီးလောင်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။
ထို့ပြင် အထပ်မြင့်အဆောက်အဦများတွင် အရေးပေါ်ထွက်ပေါက်များ၊ မီးသတ် စနစ်နှင့် လေဝင်လေထွက်ကောင်းမွန်သော အဆောက်အဦပုံစံတည်ဆောက်ရန် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ၍ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့အတူ စက်ရုံ၊ အလုပ်ရုံနှင့် ဈေးများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးသတ် တပ်အဖွဲ့အနေဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများပေးလျက်ရှိသည့် အပြင် ခြောက်သွေ့သောရာသီသို့ ဝင်ရောက်လာချိန်၌ မိမိတို့နေအိမ်ရှိ လျှပ်စစ် ပစ္စည်းများ၊ သဘာဝဓာတ်ငွေ့သုံးမီးဖိုများနှင့် ထင်းမီးဖိုများသုံးစွဲရာတွင် အထူးသတိပြု ဆောင်ရွက်ရန်၊ မီးကင်းများထားရှိရန်နှင့် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကင်းဝေး ရေးအသိပညာပေးမှုတို့ကို ကြည်ဖြူစွာလက်ခံပြီး မီးသတ်ဆေးဗူးများ နေအိမ်တိုင်းတွင် အသင့်ထားရှိရန်လည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)