ချောင်းဆုံ ၁၆ ဇူလိုင်
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးလယ်ယာစိုက်ပျိုးကြမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို မေလတတိယပတ်မှစတင်ပြီး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ချောင်းဆုံမြို့နယ် အားကစားရုံတွင် ထုတ်ချေးပေးလျက်ရှိရာ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၉)ရွာကို ဇူလိုင် ၁၅ ရက်အထိ ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်(ခွဲ)မှ သိရသည်။
အဆိုပါ စိုက်ပျိုးရေးစရိတ်ထုတ်ချေးပေးရာတွင် တစ်ဧကလျှင် (၁)သိန်းခွဲနှုန်းဖြင့် ယခင်က ထုတ်ချေးပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း တောင်သူများအား ထပ်ဆောင်းငွေကျပ် (၅)သောင်း စုစုပေါင်းတစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးနေလျက်ရှိရာ ယနေ့အထိ လယ်ယာစိုက်တောင်သူ ၄၆၃၀ ၏ လယ်မြေဧက ၃၂၃၄၀အတွက် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် သိန်း ၄၈၅၁၀ တိတိထုတ်ချေးခဲ့ပြီး ကိုဗစ်ကာလထပ်ဆောင်း ငွေကျပ် (၅)သောင်းကို ကျေးရွာ(၂၄)ရွာအတွက် လယ်စိုက်တောင်သူ (၂၃၂၂)ဦး၊ စိုက်ဧက (၁၅၉၃၁)ဧကအတွက် ငွေကျပ် ၇၉၆၅၅၀၀၀၀ တိတိကို ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့် ကျေးရွာ (၇)ရွာအတွက် ဩဂုတ်လအတွင်း အပြီးသတ်ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာစိုက်ပျိုးရေးဘဏ်(ခွဲ) ကြီးကြပ်ရေးမှူး ဒေါ်ခင်စိန်ထံမှ သိရသည်။
ထူးအိမ်(ပြန်/ဆက်)


