ချောင်းဆုံ ၈ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ချောင်းဆုံမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပုံး လုံခြုံရေးကြိုး ချိတ်ပိတ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းသာယာခန်းမတွင် သရုပ်ပြသသည်။
အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွေကောက်ခံမည့် ပါတီများမှ သက်ဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမင်းနိုင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်မဲပေးပုံနှင့် ပတ်သက်၍လည်းကောင်း၊ ပါတီဝင်များအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များအားလည်းကောင်း၊ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများအား ကြိုတင်မဲပေးခြင်းနှင့် ကြိုတင်မဲဆန္ဒမဲပုံး လုံခြုံ ရေး ကြိုးချိတ်ပိတ်ပုံများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းသန္တာထွေး က ကြိုတင်မဲဆန္ဒမဲပုံး လုံခြုံရေး ကြိုးချိတ်ပိတ်ပုံအား သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်မဲပေးမှုအတွက် ချောင်းဆုံမြို့နယ်မှ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းရှိ သင်တန်း ကျောင်းများ၊ အကျဉ်းထောင်များမှ ပြည်သူများအတွက် ကြိုတင်မဲလက်မှတ်ပုံစံ (၁-၁)၊ (၁-၂)၊ (၁-၃)ဖြင့် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးနှင့် သင်တန်းကျောင်း များသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ၊ နိုင်ငံ (၁၁)နိုင်ငံ အတွက် ကြိုတင်မဲပေးမည့်သူ ၇၈၁ ဦးနှင့် ပြည်တွင်း ၅၆ ဦး စုစုပေါင်း ၈၃၇ ဦးပေးပို့ထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး သိရသည်။
ထူးအိမ်(ပြန်/ဆက်)


